22.2.14

နယ်စည်းမထား ဆရာဝန်များအဖွဲ့ ထွက်ခွာရန် စစ်တွေတွင် ထိုင်သပိတ် ယနေ့စတင်မည်



၂၂.၂.၂၀၁၄၊ စနေနေ့

နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF) ရခိုင်ပြည်နယ်က ထွက်ခွာသွားရန် စစ်တွေမြို့ရှိ MSF ရုံးရှေ့တွင် ဒေသခံ ၂၀ က ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ စတင်ကာ နှစ်ရက်ကြာ ထိုင်သပိတ်ဆင်နွှဲမည် ဖြစ်ကြောင်း စစ်တွေမြို့ရှိ ရခိုင်လူမှု ကွန်ရက်မှ နာယကတစ်ဦးဖြစ်သူ ဦးသန်းထွန်းက ပြောကြားသည်။


ငါးရက်ကြာ သပိတ်ဆင်နွှဲရန် စီစဉ်ထားသော်လည်း စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူးက နှစ်ရက်သာ ခွင့်ပြုခဲ့ကြောင်း ၎င်းကဆိုသည်။

MSF အဖွဲ့သည် ရခိုင်တိုင်းရင်းသားများကို ခွဲခြားဆက်ဆံခြင်း၊ ဘင်္ဂါလီများကိုသာ ဆေးဝါးကုသပေးခြင်း၊ ထောက်ပံ့ ကူညီမှုများပေးခြင်း၊ ဘင်္ဂါလီများကို ရိုဟင်ဂျာ တိုင်းရင်းသားအဖြစ် သတ်မှတ်ရန် နိုင်ငံတကာ အသိုင်းအဝိုင်းကို ဖိအားပေးခြင်း၊ ဇန်နဝါရီလ အတွင်းက ဖြစ်ပွားခဲ့သည့် မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာ အကြမ်းဖက်မှုတွင်လည်း သတင်းမှားများကို ထုတ်ပြန်ခဲ့ခြင်း တို့ကြောင့် ယင်းသို့ တောင်းဆိုခြင်း ဖြစ်ကြောင်း ရခိုင်လူမှု ကွန်ရက်ထံမှ သိရှိရသည်။
“ပဋိပက္ခတွေ ဖြစ်တဲ့အခါ သတင်းမှားတွေ ဖြန့်တယ်။ ဘင်္ဂါလီတွေ လူ့အခွင့်အရေး ချိုးဖောက် ခံနေရတယ်ဆိုပြီး နိုင်ငံတကာကို ဖြန့်တယ်။ အဲဒါကို ရခိုင်တစ်မျိုးသားလုံးက လက်မခံနိုင်ဘူး” ဟု ဦးသန်းထွန်းက ပြောဆိုသည်။

MSF နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ လက်မှတ်ထိုးထားသော နားလည်မှု စာချွန်လွှာ (MoU) ကို ပယ်ဖျက်ပေးရန် အတွက်လည်း နိုင်ငံတော်သမ္မတထံ စာတင်တောင်းဆိုမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့မှ ၇ ရက်နေ့အတွင်း ရခိုင်ပြည်နယ်က ထွက်ခွာရန် MSF ကို တောင်းဆို ထားသော်လည်း သတ်မှတ်ရက်အတွင်း ထွက်ခွာသွားခြင်း မရှိသဖြင့် ယင်းသို့ ဆန္ဒပြရခြင်း ဖြစ်ကြောင်း ရခိုင်လူမှုကွန်ရက်ထံမှ သိရှိရသည်။

နယ်စည်းမထား ဆရာဝန်များ အဖွဲ့သည် နိုင်ငံပေါင်း ၆၀ ကျော်တွင် ကျန်းမာရေး လိုအပ်ချက်အပေါ် မူတည်ကာ လူမျိုး၊ ဘာသာ၊ ကျား၊ မ ခွဲခြားမှု မရှိဘဲ ကျန်းမာရေး စောင့်ရှောက်မှုများ ပေးနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr.Peter-Paul de Groote က ပြောကြားသည်။
“ကျန်းမာရေး လိုအပ်ချက်အပေါ်ပဲ မူတည် လုပ်ပေးနေတာပါ။ ရခိုင်မှာဆိုလည်း ကျွန်တော်တို့ ဆေးခန်းတွေက လူမျိုးဘာသာမရွေး ကျန်းမာရေး လိုအပ်ချက်ရှိတဲ့ သူတိုင်းအတွက် ဖွင့်ထားတာပါ” ဟု ၎င်းကဆိုသည်။

နယ်စည်းမထား ဆရာဝန်များအဖွဲ့ ရခိုင်ပြည်နယ်က ထွက်သွားရန် စစ်တွေ၊ မောင်တော၊ ဘူးသီးတောင်၊ မင်းပြား၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း စသည့်မြို့တိုတွင် ဖေဖော်ဝါရီလအတွင်း ဒေသခံများ ဆန္ဒပြ တောင်းဆိုမှုများ ဆက်တိုက် ပြုလုပ်ခဲ့သည်။

The Voice Weekly

0 comments:

Post a Comment