22.2.14

အခြေခံပညာကျောင်းများ၌ ဘက်စုံထူးချွန်လူရည်ချွန်များအား ရွေးချယ်ရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် လူရည်ချွန် ၅၂၀ ဦးကျော် ထွက်ပေါ်



22/2/2014

အခြေခံပညာ ကျောင်းများ၌ ဘက်စုံထူးချွန် လူရည်ချွန်များ ရွေးချယ်ရာတွင် တစ်နိုင်ငံလုံး အတိုင်းအတာအရ ၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ်၌ လူရည်ချွန် ၅၂ဝ ဦးကျော် ထွက်ပေါ်ခဲ့ကြောင်း ပညာရေးဝန်ကြီးဌာန ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ သိရသည်။


ဘက်စုံထူးချွန် လူရည်ချွန်များရွေးချယ်ရာတွင် ယခင်နှစ်ကအတိုင်း မြို့နယ်လေးမြို့ နယ်အောက်ရှိသော ခရိုင်များ၌ အဋ္ဌမတန်း ကျောင်းသား တစ်ဦး၊ နဝမတန်းနှင့် ဒသမတန်းကျောင်းသား နှစ်ဦးစီ၊ မြို့နယ်လေးမြို့ နယ်အထက်ရှိသော ခရိုင်များ၌ အဋ္ဌမတန်း ကျောင်းသား နှစ်ဦး၊ နဝမတန်းနှင့် ဒသမတန်း ကျောင်းသား လေးဦးစီဖြင့် ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး “၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ်အတွက် ရွေးချယ်ခဲ့တာကတော့ လူရည်ချွန် ၅ဝဝ ကျော်ပါတယ်။ စာရင်းအတိအကျတော့ မထွက်ရှိသေးပါဘူး။ ရွေးချယ်မှုပုံစံတွေက လည်း မနှစ်တုန်းကအတိုင်းပါပဲ။ အပြောင်းအလဲ အများကြီးမရှိပါဘူး။ တရားဝင်စာရင်း အတိအကျကတော့ မထွက်လာသေးဘူး။ လောလောဆယ် စာရင်းအရကတော့ လူရည်ချွန် ၅၂ဝ ရှိပါတယ်။ ဦးစီးဌာနတွေကထပ် ပြီးပေးမယ့် လူရည်ချွန်စာရင်းတွေလည်း ထပ်ဖြည့်ရဦးမှာပါ။ ဒီနှစ်မှာတော့ လူရည်ချွန် ၅၂ဝ ဦး ကျော်သွားမှာပါ”ဟု ပညာရေး ဝန်ကြီးဌာန ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

လူရည်ချွန်များကို ရွေးချယ်ရာတွင် ကျောင်းအဆင့်ရွေးချယ်မှုကို နိုဝင်ဘာပထမပတ်တွင် လည်းကောင်း၊ မြို့နယ်အဆင့် ရွေးချယ်မှုအား နိုဝင်ဘာ တတိယပတ်တွင် လည်းကောင်း၊ ခရိုင်အဆင့်ရွေးချယ်မှုအား ဒီဇင်ဘာပထမပတ်တွင် လည်းကောင်း ကျင်းပကာ သတ်မှတ်ဦးရေအတိုင်း ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဘက်စုံထူးချွန်လူရည် ချွန်ရွေးချယ်မှု အစီအစဉ်များကို ၁၉၈၈ ခုနှစ် နောက်ပိုင်း ရပ်နားထားခဲ့ရာမှ နှစ်ပေါင်း ၂၅ နှစ်ဝန်းကျင်အကြာ ၂ဝ၁၂ ခုနှစ်တွင် ပြန်လည်စတင်ခဲ့ခြင်းဖြစ်ပြီး ၂ဝ၁၂-၂ဝ၁၃ ပညာ သင်နှစ်၌ တစ်နိုင်ငံလုံးအတိုင်းအတာအရ လူရည်ချွန် ကျောင်းသားကျောင်းသူပေါင်း ၅၁ဝ ဦး ရွေးချယ်ခဲ့သည်။ အဆိုပါလူရည်ချွန်များကို ပြည်တွင်းလေ့လာရေး ခရီးစဉ်များအဖြစ် အဋ္ဌမတန်း လူရည်ချွန်များကို ပုဂံဒေသသို့လည်းကောင်း၊ နဝမတန်း လူရည်ချွန်များကို အင်းလေးကန်ဒေသသို့ လည်းကောင်း၊ တက္ကသိုလ်ဝင်တန်း လူရည်ချွန်များ ကို ငွေဆောင်ကမ်းခြေဒေသသို့ လည်းကောင်း စေလွှတ်ခဲ့သည်။

အလားတူ ပြည်ပခရီးစဉ်များအဖြစ် ၂ဝ၁၂-၂ဝ၁၃ ပညာသင်နှစ်၌ တက္ကသိုလ်ဝင်တန်း လူရည်ချွန်များအနက် ထူးချွန်ထက်မြက်သော ဘက်စုံထူးချွန်လူရည်ချွန် ကျောင်းသားကျောင်းသူ ၂၅ ဦးမှ ၃ဝ ဦးခန့်အား ထပ်မံရွေးချယ် စေလွှတ်မည့် အစီအစဉ်များ ကိုလည်း စီစဉ်ထားရှိခဲ့ဖူးသည်။

Eleven Media Group

0 comments:

Post a Comment