22.2.14

လူတစ်ဦးချင်းစီ၏ ဆေးကုသမှု ကုန်ကျစရိတ် ၂၀ ရာခိုင်နှုန်းသာ အစိုးရကျခံ



၂၂.၂.၂၀၁၄၊ စနေနေ့

မြန်မာနိုင်ငံရှိ လူတစ်ဦးချင်းစီသည် ကျန်းမာရေး စောင့်ရှောက်မှု ကုန်ကျစရိတ်အတွက် ငွေကြေး စိုက်ထုတ်သုံးစွဲမှု များပြားပြီး အစိုးရက ကျန်းမာရေး ကုန်ကျစရိတ် အားလုံးထဲမှ ၂၀ ရာခိုင်နှုန်းကိုသာ အကုန်အကျခံကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းအောင်က ပြောကြားသည်။




အစိုးရ အသုံးစရိတ် နည်းပါးသောကြောင့် ပြည်သူများက ကျန်းမာရေး ကုန်ကျစရိတ်အားလုံး၏ ၈၀ ရာခိုင်နှုန်း ဝန်းကျင်ကို စိုက်ထုတ် သုံးစွဲနေရကြောင်း ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာနေလင်း၏ မေးမြန်းချက်ကို ၎င်းက ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။

အစိုးရက အခမဲ့ ကျန်းမာရေးနှင့် စရိတ်မျှပေး ကျန်းမာရေး စောင့်ရှောက်မှုစနစ်များ ဆောင်ရွက်နေသော်လည်း ပြည်သူများက ပြည်သူ့ဆေးရုံများအစား ပုဂ္ဂလိက ကျန်းမာရေး ဝန်ဆောင်မှုဌာနများကိုသာ မှီခို အားထားနေရကြောင်း ဒေါက်တာနေလင်းက ပြောဆိုသည်။
“ကျန်းမာရေး အသုံးစရိတ်ကို ပြည်ထောင်စု လွှတ်တော်က နှစ်စဉ်တိုး ပေးနေသလို နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း ထောက်ပံ့နေတယ်။ ဒါပေမဲ့ ထူးခြားတဲ့ ပြောင်းလဲမှု မရှိသေးဘူး” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

မြန်မာနိုင်ငံတွင် လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သော ကျန်းမာရေး စောင့်ရှောက်မှု စီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် စတင်အကောင်အထည် ဖော်ရန် စီစဉ်လျက် ရှိကြောင်း၊ ယင်းစနစ် အသက်ဝင်လာပါက ပုဂ္ဂလိက ကျန်းမာရေး အာမခံစနစ်ဖြင့် ကျေးလက်ဒေသနှင့် ဆင်းရဲနွမ်းပါး သူများအတွက် ငွေကြေးသက်သာစွာ ဆေးကုသနိုင်ပြီ ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဒေါက်တာသန်းအောင်က ထပ်လောင်း ပြောကြားသည်။

WHO ကျန်းမာရေး စောင့်ရှောက်မှု စံနှုန်းများအရ လူတစ်ဦးချင်းစီ၏ ကျန်းမာရေး အသုံးစရိတ် စိုက်ထုတ် ငွေကြေးသည် တစ်နိုင်ငံလုံး ကျန်းမာရေး အသုံးစရိတ် အားလုံး၏ ၃၀ မှ ၄၀ ရာခိုင်နှုန်းအထက် မကျော်လွန်စေရန် သတ်မှတ်ထားသော်လည်း မြန်မာနိုင်ငံအနေနှင့် ယင်းစံနှုန်းများအတိုင်း လိုက်နာရန် ခက်ခဲနေသေးကြောင်း ကျန်းမာရေး အသိုင်းအဝိုင်း ကသုံးသပ်သည်။

ကျန်းမာရေး ဝန်ဆောင်မှုများ တိုးမြှင့်ရန် လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် အသုံးစရိတ် ကျပ် ၆၅၂ ဒသမ ၇၄၄ ဘီလီယံ သုံးစွဲရန် တင်ပြထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။

The Voice Weekly

0 comments:

Post a Comment