28.2.14

မိုင်းတုံရှိ ဘိန်းခင်းများကို ဂြိုဟ်တုဓာတ်ပုံ တိုက်ဆိုင်စစ်ဆေး

ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု အများဆုံး ဖြစ်သော ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းတုံ မြို့နယ်တွင် ဂြိုဟ်တုမှ ရိုက်ယူထားသည့် ဘိန်းခင်း မှတ်တမ်း ဓာတ်ပုံများကို မြေပြင်ရှိ အနေအထားနှင့် တိုက်ဆိုင် စစ်ဆေးသည့် လုပ်ငန်းကို UNODC အစီအစဉ်ဖြင့် ဖေဖော်ဝါရီလ စတုတ္ထပတ်အတွင်း လုပ်ဆောင် ခဲ့ကြောင်း မိုင်းတုံရဲတပ်ဖွဲ့နှင့် သစ်တော ဦးစီးဌာနတို့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၂၃၊ ၂၄ ရက်အတွင်း မိုင်းတုံမြို့နယ် အတွင်းရှိ မိုင်းကန်ကျေးရွာ အုပ်စု၊ လွယ်ချီလိတ်အုပ်စုနှင့် မုန်းကျွတ် မြို့နယ်တို့တွင် ဓာတ်ပုံနှင့် မြေပြင် တိုက်ဆိုင် စစ်ဆေးခြင်း လုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်းနှင့် ဘိန်းခင်းခြောက် အနည်းငယ်မှအပ တောင်ယာများသာ တွေ့ရှိခဲ့ကြောင်း လုံခြုံရေးအရ လိုက်ပါဆောင်ရွက်သူ ရဲတပ်ဖွဲ့ဝင်များထံမှ စုံစမ်းသိရသည်။
“ဂြိုဟ်တုက ရိုက်တဲ့ ကောင်းကင် ဓာတ်ပုံတွေမှာ Colour တွေနဲ့ ဖော်ပြထားတာတွေကို ကျွမ်းကျင်တဲ့ ပညာရှင်နဲ့ မြေပြင်မှာ တကယ်ရှိမရှိ တိုက်ဆိုင် စစ်ဆေးချက် Ground Check လုပ်တာပါ” ဟု အဆိုပါ အဖွဲ့အတွင်း ပါဝင်သူ သစ်တောဦးစီးဌာနမှ အရာရှိတစ်ဦးက ဆိုသည်။

မိုင်းတုံမြို့နယ်အတွင်း ဘိန်းခင်းများ ဖျက်ဆီးခြင်းကို အဖွဲ့စုံဖြင့် ဇန်နဝါရီလ ၁၈ ရက်မှ ဇန်နဝါရီလ၂၅ ရက်နေ့အထိ သွားရောက် ဖျက်ဆီးခဲ့ရာ ပုံပါကျင်တွင် ၂၅ ဒသမ ၅ ဧက၊ မိုင်းတုံတွင်၂၄ ဒသမ ၅ ဧက၊ စုစုပေါင်း ၅၀ ဧကရှိပြီး၂၀၁၂ ခုနှစ်က ဧက ၁၀၀ ဒသမ ၇ ဧကရှိရာ တစ်ဝက်မျှ လျော့နည်းခဲ့ကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက သိရှိရသည်။
“မုန်းကျွတ်ဘက်တော့ ‘ဝ’ ဆက်ဆံရေး အရာရှိတစ်ဦးက ကားမောင်းလိုက်ပြပြီး ရှင်းပြတယ်။ ဘိန်းခင်းတွေ မတွေ့ခဲ့ရပါဘူး” ဟု ရဲအရာရှိတစ်ဦးက ဆိုသည်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာခုံရုံး UNODC မှ ဘိန်း အစားထိုး ထောက်ပံ့ရေး ဆောင်ရွက်မည့် အစီအစဉ်တွင် ၂၀၁၄ ခုနှစ်၌ မိုင်းတုံမြို့နယ် ပါဝင်ကြောင်း ယင်းရုံး၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ရှမ်းပြည်နယ်တွင် ဘိန်းစိုက်ပျိုးမှု များပြားလာသည် ဆိုသော်လည်း မိုင်းတုံမြို့နယ် အတွင်းတွင်မူ ၂၀၁၃ အတွင်း ဘိန်းစိုက်ဧက နည်းပါးခဲ့ရခြင်းမှာ သတ္တုတူးဖော်ရေး လုပ်ငန်းများ၊ လမ်းပြုပြင်ရေး လုပ်ငန်းများကြောင့် အလုပ်အကိုင် ရရှိလာကြခြင်း၊ ဘိန်းအစား ရာမဆေး ထုတ်လုပ်သည့် ဘက်သို့ လမ်းကြောင်းပြောင်း လုပ်ဆောင်ကြခြင်းကြောင့် ဖြစ်ကြောင်း ဘိန်းဈေးကွက်မှ စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးကို ၁၅ နှစ် စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော်လည်း လုံလောက်မှု မရှိသဖြင့် နောက်ထပ် ၅ နှစ်တိုး၍ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြည်သူ့လွှတ်တော်တွင် ပြောကြားခဲ့သည်။

The Voice Weekly

0 comments:

Post a Comment