28.2.14

မွန်အမျိုးသားပါတီ လူထုတွေ့ဆုံပွဲများတွင် ပုဒ်မ ၄၃၆ ပြင်ရန် ထောက်ခံမှုများရှိနေ


မွန်အမျိုးသားပါတီ၏ ပါတီစည်းရုံးရေးဆိုင်ရာ လူထုတွေ့ဆုံဆွေးနွေးပွဲများတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရန် လူထုထောက်ခံမှုများ ရရှိနေသည်ဟု မွန်အမျိုးသားပါတီဥက္ကဋ္ဌ ဦးနိုင်ငွေသိန်း က ပြောသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ တွင် ဖွဲ့စည်းပုံရှိ အခန်းအချို့မှ ပြဋ္ဌာန်းချက်များကို ပြင် ဆင်လိုလျှင်ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သ ဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက် ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဖြစ်သည်။ အချို့ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်ထောက်ခံမဲဖြင့် ပြင်ဆင်ရမည်ဟု ဖော်ပြထား သည်။

ထိုသို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲရနိုင်ရန်ဆို လျှင် လွှတ်တော်ထဲတွင်ရှိနေသော တပ်မတော်သားကိုယ်စားလှယ်၂၅ရာခိုင်နှုန်း၏ အပြည့်အ၀ထောက် ခံမှုရမှသာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်မည်ဖြစ်သည်။

မွန်အမျိုးသားပါတီ အတွင်းရေးမှူး(၁) ဦးနိုင်စိုးမြင့်က “ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လိုကြတယ်။ အများဆုံး ဆွေးနွေးဖြစ်တာကတော့ လွှတ်တော်ထဲမှာ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ရှိ ရမယ်ဆိုတဲ့အချက်ကို ပြင်ဆင်ဖို့ဆိုပြီး ဆွေးနွေးမှုကတော့ အများဆုံးဖြစ်ပါတယ်”ဟု ပြောသည်။

မွန်အမျိုးသားပါတီသည် ပါတီစည်းရုံးရေးလုပ်ငန်းအတွက် လူထုနှင့်တွေ့ဆုံပွဲများတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်ပြီး ပြည်သူလူထုဘက်မှ နားလည်သဘောပေါက်စေရန် ရှင်း လင်းဟောပြောလျက်ရှိသည်။

ပါတီနှင့်လူထုတွေ့ဆုံပွဲသို့ ပြည်သူလူထု ရာချီတက်ရောက် ဆွေးနွေးမှုများပြုလုပ်ခဲ့သည်ဟု ဦးနိုင်စိုးမြင့်က ဆိုသည်။

မွန်အမျိုးသားပါတီက ပါတီစည်းရုံးရေးလုပ်ငန်းများကို မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် လုပ်ဆောင်လျက်ရှိပြီး ရွေးကောက်ပွဲဝင်ပြိုင်ရာတွင်လည်း အဆိုပါဒေသများတွင် ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။

0 comments:

Post a Comment