12.2.14

နိုင်ငံတစ်ဝန်းရှိ စက်မှုဇုန် ၂၉ ခုမှ စက်မှုလုပ်ငန်းပေါင်း ၉၀၀၀ ကျော်နှင့် အိမ်ထောင်စုပေါင်း ၃၂၈၀၀ ၏ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းဆိုင်ရာ စစ်တမ်းနှစ်ခုအား ဗဟိုစာရင်းအင်းအဖွဲ့က ယခုလကုန်ပိုင်း ကောက်ခံမည်



ဖေဖော်ဝါရီ ၁၂ ရက် ၂၀၁၄

နိုင်ငံတစ်ဝန်းရှိ စက်မှုဇုန် ၂၉ ဇုန်မှ စက်မှုလုပ်ငန်းပေါင်း ၉၁၃၀ နှင့် အိမ်ထောင်စုပေါင်း ၃၂၈၀၀ ၏ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းဆိုင်ရာ စစ်တမ်းနှစ်ခုတို့အား ဖေဖော်ဝါရီလကုန်ပိုင်းမှ စတင်ကောက်ခံသွားမည်ဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၏ ဖေဖော်ဝါရီ ၁၁ ရက် ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံ ပုဂ္ဂလိက စက်မှုကဏ္ဍတိုးမြှင့်ရေးအတွက် ကောက်ခံမည့်စစ်တမ်းကို ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ စက်မှုဇုန် ၂၉ ခုမှ စက်မှုလက်မှု လုပ်ငန်းအားလုံးကို အပြည့်ကောက်ယူသောနည်း (Complete Enumeration) ဖြင့် ကောက်ယူမည်ဖြစ်သည်။ ကောက်ယူထားသော စာရင်းဇယား၊ ကိန်းဂဏန်း အချက်အလက်များကို အထူးလျှို့ဝှက် ထားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကောက်ယူထားသည့် အချက်အလက်ဆိုင်ရာ တစ်ဦးချင်း အချက်အလက်များကို မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမျှ ထုတ်ပြန်ပေးမည်မဟုတ်ဘဲ တစ်နိုင်ငံလုံး ကိုယ်စားပြုသည့် ပျမ်းမျှအချက်အလက်များကိုသာ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ စစ်တမ်းများကောက်ယူခြင်းဖြင့် စက်မှုဇုန်များ၏ တိုးတက်မှုကို စဉ်ဆက်မပြတ် လေ့လာမှုများ၊ ထောက်ကူမှုများ၊ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး တွက်ချက်ရာတွင် အထောက်အကူ ဖြစ်စေမှုများ၊ ကုန်ချောထုတ်လုပ်မှု၊ ကုန်ကြမ်းသုံးစွဲမှု၊ လျှပ်စစ်ဓာတ်အားနှင့် လောင်စာဆီသုံးစွဲမှု၊ အလုပ်သမားများ၏ ပညာအဆင့်အတန်းနှင့် ကျွမ်းကျင်မှု၊ နိုင်ငံ့ငွေကို သက်သာစေမည့် သွင်းကုန်အစားထိုးလုပ်ငန်းများ၊ ပို့ကုန်မြှင့်တင်ပေးခြင်း လုပ်ငန်းများ စသည့်လုပ်ငန်းများကို လေ့လာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော်ကောင်စီနယ်မြေနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ပါဝင်ကောက်ခံမည့် မိသားစုတစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်း အခြေအနေများကို သိရှိခြင်းအားဖြင့် တိုင်းပြည်၏ စုစုပေါင်း ပြည်တွင်းအသားတင်ထုတ်လုပ်မှု ပိုမိုပြည့်စုံစေရန် တစ်မျိုးသားလုံးဆိုင်ရာ စာရင်းအင်းများကို အခြားနိုင်ငံများနည်းတူ ကောက်ခံသွားမည်ဖြစ်သည်။ အဆိုပါ အထောက်အကူပြုစာရင်းများ ရရှိနိုင်ရန်ရည်ရွယ်၍ အိမ်ထောင်စုတစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းစစ်တမ်းကို မြို့နယ်ပေါင်း ၈၂ မြို့နယ်ရှိ အိမ်ထောင်စုပေါင်း ၃၂၈၀၀ ကို ရှစ်ရက်ကြာ စစ်တမ်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

အထက်ပါ စစ်တမ်းနှစ်ခုအား ကောက်ခံခြင်းဖြင့် မြန်မာနိုင်ငံ၏ လူမှုဘ၀မြှင့်တင်ရေး၊ ဆင်းရဲမှုပပျောက်ရေး၊ စီးပွားရေးတိုးတက်မြင့်မားလာစေရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အထောက်အကူများစွာ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

Eleven

0 comments:

Post a Comment