12.2.14

စိန်ဖူးတော် ငှက်မြတ်နားတော်နှင့် ထီးတော် ဘုံအဆင့်ဆင့် လှည့်လည် အပူဇော်ခံ



ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဓမ္မရက္ခိတ ဝန်းသိုကျောင်းတိုက်

နာယက ဆရာတော် နိုင်ငံတော် သြဝါဒါ စရိယ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တသီလဝံသအား အမှူးထား၍ တပည့် ဒါယကာများ စုပေါင်းကာ ဝိုင်းမော်မြို့နယ် တာစန်းကျေးရွာ (မိုင်းမော-ဝိန်ဂျွန် ရှေးဟောင်းယဉ်ကျေးမှု နယ်မြေ) ရှိ ရှေးဟောင်း စေတီတစ်ဆူဖြစ်သော တိဂုမ္ဘလောကမုနိ အောင်မြေမှန်ကူ ရွှေတိဂုံ စေတီတော်မြတ်ကြီးအား ပြုပြင်မွမ်းမံပြီး အဆိုပါ စေတီတော်မြတ်ကြီးတွင် တင်လှူပူဇော်မည့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ထီးတော် ဘုံအဆင့်ဆင့်တို့ကို မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တို့တွင် လှည့်လည် အပူဇော်ခံခြင်းကို ဖေဖော် ဝါရီ ၈ ရက် နံနက် ၁ဝ နာရီမှစ၍ မြစ်ကြီးနားမြို့ ဝန်းသိုကျောင်းတိုက်မှ စတင် ထွက်ခွာခဲ့သည်။

ထိုသို့ လှည့်လည် အပူဇော်ခံရာတွင် ဝန်းသို ဆရာတော်ကြီးနှင့် အတူ ရှမ်းတိုင်းရင်းသား ယဉ်ကျေးမှု အဖွဲ့များ၊ ရှမ်းတိုင်းရင်းသား လူငယ်ရေးရာ အဖွဲ့များ လိုက်ပါလျက် မြစ်ကြီးနားမြို့ ဝိုင်းမော်မြို့နယ်နှင့် လမ်းတစ်လျှောက်ရှိ ကျေးရွာများမှ ဗုဒ္ဓဘာသာဝင်များက ဖူးမြော် ကြည်ညိုခဲ့ကြပြီးနောက် ယာယီ ကိန်းဝပ် စံပယ်တော်မူမည့် ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာ ရွှေမုဋ္ဌော ဘုရားကြီး ကျောင်းတိုက်သို့ ပင့်ဆောင်တော် မူခဲ့ကြသည်။

ယင်းစေတီတော် မြတ်ကြီးအား ထီးတော်တင်လှူ ပူဇော်ပွဲကြီးကို ဖေဖော်ဝါရီ ၂၂ ရက်တွင် အဆိုပါ စေတီတော် မြတ်ကြီး၌ စည်ကားသိုက်မြိုက်စွာ ဆင်ယင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment