12.2.14

သိမ်းဆည်းခံမြေ ပြန်မရမချင်း တိုက်ပွဲဝင်မည်ဟုဆိုကာ သဲကုန်းတောင်သူများ သပိတ်စခန်းဖွင့်


သိမ်းဆည်းခံလယ်ယာမြေများ ပြန်မရမချင်း ဆန္ဒဖော်ထုတ်မည်ဟုဆိုကာ ပဲခူးတိုင်း၊ ပြည်ခရိုင် သဲကုန်း မြို့ ရွှေဘုန်းရှိန်လမ်း အခြေခံပညာမူလတန်းကျောင်းရှေ့တွင် လယ်သိမ်းခံတောင်သူလယ်သမားများက ဖေဖော်ဝါရီ ၁၁ ရက် နံနက်ပိုင်းတွင် သပိတ်စခန်းဖွင့် တောင်းဆိုလိုက်သည်။

ရေနက်ကွင်းဧက ဖော်ထုတ်ရန်ဟုဆိုကာ ၂၀၀၁ ခုနှစ်တွင် တပ်မတော်က သဲကုန်းမြို့နယ် အောင်ကုန်း ကျေးရွာရှိ လယ်သမား ၁၅၀ ကျော်ထံမှ လယ်ဧက ၁၁၅၉ ဒသမ ၅၅ ဧက သိမ်းယူခဲ့ခြင်းဖြစ်ပြီး ယင်း သိမ်းဆည်းမြေများသည် လက်ရှိတွင် အမှတ်(၃) လက်ကားသမ၀ါယမအသင်းလီမိတက်အမည်ဖြင့် ငါး ကန်လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည်ဟု လယ်သိမ်းခံတောင်သူတစ်ဦးဖြစ်သူ ဒေါ်ညိုက ပြောသည်။

“သိမ်းထားတာ ၁၄ နှစ်ရှိပြီ။ မနှစ်က ထွန်တုံးတိုက်ပွဲလုပ်တယ်။ သူတို့ဘက်က ပေးမယ်ပေးမယ်မြှူဆွယ် ပြောပြီး ဒီနေ့အထိ ဘာမှမပေးဘူး။ ဒီတိုက်ပွဲမှာ သေချင် သေသွားပါစေ။ လယ်တွေ ပြန်မရမချင်း တိုက် မှာပဲ”ဟု ၎င်းက ဆိုသည်။

အဆိုပါ သိမ်းဆည်းခံလယ်များ ပြန်လည်ရရှိရေး နိုင်ငံတော်သမ္မတအပါအ၀င် သက်ဆိုင်ရာဌာနများသို့ လည်း အသနားခံစာတင်ထားပြီးဖြစ်သလို ထွန်တုံးတိုက်ပွဲ ပြုလုပ်ခြင်းများ ပြုလုပ်သော်လည်း ပြန်မရ သည့်အတွက် အသေခံတိုက်ပွဲဝင်ရန် သပိတ်စခန်းဖွင့်ခြင်းဖြစ်သည်ဟု ဒေါ်ညိုက ဆက်ပြောသည်။

သဲကုန်းမြို့နယ် အောင်ကုန်းကျေးရွာတွင် ဇန်န၀ါရီလ ၁၁ ရက်က ပြုလုပ်သော တောင်သူလယ်သမား တွေ့ဆုံဆွေးနွေးပွဲတွင် ဒေသခံလယ်သမားများ၊ လယ်သမားအရေး ကူညီဆောင်ရွက်သူများ စုပေါင်း ကာ သပိတ်စခန်းဖွင့်လှစ်မည်ဟု တစ်လကြိုတင်ကြေညာခဲ့ကြောင်းနှင့် တစ်လပြည့်တွင် လယ်ယာမြေ ရရှိရေး တိုးတက်မှု တစ်စုံတစ်ရာမရှိသည့်အတွက် သပိတ်စခန်းဖွင့်လှစ်ကြောင်း လယ်သမားအရေးကူ ညီသူ ကိုသန့်ဇင်ထက်က ပြောသည်။

သပိတ်စခန်းဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ သဲကုန်းမြို့နယ်စခန်းမှူး ဒု-ရဲမှူးဇော်အောင်က “ကျွန်တော်တို့ ဥပဒေကြောင်းအရပဲ ဆက်လုပ်မှာပါ။ ခွင့်ပြုချက်မရရင်တော့ ပုဒ်မ(၁၈)နဲ့ပဲ အရေးယူမှာပါ”ဟု ဆိုသည်။

သပိတ်စခန်းကို အင်အားသုံးဖြိုခွင်းရန် အစီအစဉ်ရှိသလားဟု မေးမြန်းရာ “အဲလိုတော့ ကျွန်တော်တို့ အစီအစဉ်မရှိပါဘူး။ နားလည်မှုကြောင်းအရပဲ အရေးယူမှာပါ”ဟု ၎င်းက ပြန်လည်ဖြေကြားသည်။

၎င်းလယ်ယာမြေများကို တပ်မ(၆၆)မှ ဧက ၇၀၀ ခန့်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ဧက၂၀၀၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်က ဧက ၂၀၀ နှင့် အမှတ်(၃) လယ်ယာလက်ကား သမ၀ါယမလီမိတက်က ဧက ၅၀၀ အသီးသီး သိမ်းယူထားခြင်းဖြစ်ကြောင်း အဆိုပါလယ်မြေများတွင် ငါးကန်လုပ်ကိုင်နေသူ ဦး ထိုင်ထိုင်က ပြောသည်။

“ရေမြုပ်တဲ့လယ်ကွင်းတွေကို ဘယ်သူမှမလုပ်ဘဲနဲ့ ပစ်ထားကြတယ်။ အနှစ် ၂၀ လောက် ဘယ်သူမှ မလုပ်တော့ အပေါ်ကနေ ဒီစီမံကိန်းကို ဖော်ခိုင်းတာလေ။ ဗဟိုမြေလွတ်မြေရိုင်းကနေ ဖော်ခိုင်းတော့ ကျွန်တော်တို့လည်း စနစ်တကျလုပ်ကြရတယ်။ ကျွန်တော်တို့ မတရားမသိမ်းပါဘူး”ဟု ၎င်းက ဆိုသည်။

သပိတ်စခန်းတွင် “လယ်လုပ်သူ လယ်ပိုင်ခွင့်ရရှိရေး...တို့အရေး”၊ “ခရိုနီ အရင်းရှင် အလိုမရှိ”၊ “သိမ်း ဆည်းခံလယ်ယာမြေ ပြန်လည်ရရှိရေး...တို့အရေး” စသည့် စာသားပါ လက်ကိုင်ဆိုင်းဘုတ်များ ချိတ်ဆွဲ ထားပြီး ၎င်းစာသားများကို သပိတ်စခန်းရှိ လယ်သိမ်းခံတောင်သူများနှင့် လယ်သမားအရေးလှုပ်ရှားသူ များက ကြွေးကြော်လျက်ရှိသည်။

0 comments:

Post a Comment