12.2.14

နိုင်ငံအဆင့် EITI သုံးပွင့်ဆိုင် ညွန့်ပေါင်းအဖွဲ့ ဖွဲ့စည်း



၁၂.၂.၂၀၁၄၊ ဗုဒ္ဓဟူးနေ့

မြန်မာနိုင်ငံသည် သယံဇာတများ တူးဖော်ထုတ်လုပ်ရာတွင် ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးဆိုင်ရာ (EITI) အဖွဲ့ဝင် ဖြစ်ရန်အတွက် နိုင်ငံအဆင့် သုံးပွင့်ဆိုင် ညွန့်ပေါင်းအဖွဲ့ကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့က တရားဝင် ဖွဲ့စည်းခဲ့ပြီး ဖြစ်ကြောင်း အရပ်ဘက် လူမှုအဖွဲ့အစည်းများထံမှ သိရသည်။


၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၃ ရက်နေ့အထိ ကျင်းပခဲ့သော သုံးပွင့်ဆိုင်အဖွဲ့ ဖွဲ့စည်းရေး ဆွေးနွေးပွဲအတွင်း ယာယီဖွဲ့စည်းခဲ့သော သုံးပွင့်ဆိုင် ညွန့်ပေါင်းအဖွဲ့ကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့က အစိုးရပိုင်းမှ ညွှန်ကြားရေးမှူး ခြောက်ဦး၊ ကုမ္ပဏီဘက်ခြမ်းမှ ခြောက်ဦးနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ကိုးဦးတို့ဖြင့် တရားဝင် ဖွဲ့စည်းလိုက်ခြင်း ဖြစ်ကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လူမှုရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် စိမ်းရောင်စိုအဖွဲ့ ဥက္ကဋ္ဌ ဦးတင်သစ်က ပြောဆိုသည်။

ယခုကဲ့သို့ သုံးပွင့်ဆိုင် ညွန့်ပေါင်းအဖွဲ့ကို ဖွဲ့စည်းထားပြီး ဖြစ်သော်လည်း သယံဇာတ တူးဖော်ထုတ်လုပ်ရေး အပိုင်းတွင် ပွင့်လင်းမြင်သာမှု ရှိ မရှိ ဆိုသည်ကို မပြောနိုင်သေးကြောင်း Multi Stakeholder Group (MSG) တွင် ပါဝင်သူ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးထွန်းမြင့်အောင်က ပြောကြားသည်။

EITI စံချိန်မီ အဖွဲ့ဝင်နိုင်ငံ ၂၃ နိုင်ငံရှိပြီး အစီရင်ခံစာ တင်သွင်းရန် ပြင်ဆင်နေဆဲ အဖွဲ့ဝင်လောင်း နိုင်ငံများမှာ ၁၆ နိုင်ငံ ရှိ၍ ယခုမြန်မာနိုင်ငံသည် EITI အဖွဲ့ဝင် နိုင်ငံအဖြစ် စာရင်းဝင်ရန် ကြိုးစားနေဆဲ အဆင့်သာ ရှိသေးကြောင်း MEITI ရုံးထံမှ သိရသည်။

The Voice Weekly

0 comments:

Post a Comment