12.2.14

မြန်မာကို ထောက်ပံ့နေသော နိုင်ငံတကာ အဖွဲ့များတွင် ငွေကြေး ခဝါချလိုသူများ ပါဝင်ဟု ဗြိတိန် သတိပေး



မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များတွင် ဝင်ရောက် ကူညီ ထောက်ပံ့နေသော နိုင်ငံတကာ အဖွဲ့အစည်းများတွင် ငွေကြေး ခဝါချမှု ပြုလုပ်လိုသည့် အဖွဲ့အစည်းများ ပါဝင်နေကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိန်သံရုံး ဒုတိယအကြီးအကဲ Matthew Hedges က ပြောကြားလိုက်သည်။


ဗြိတိန်နိုင်ငံ၏ အကူအညီဖြင့် နေပြည်တော်တွင် ဖေဖော်ဝါရီလ ၁၁ ရက်မှ ၁၂ ရက်နေ့ထိ နှစ်ရက်ကြာ ပြုလုပ်သည့် ငွေကြေး ခဝါချမှု တိုက်ဖျက်ရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် ၎င်းကအထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။
“သမ္မတဦးသိန်းစိန် အစိုးရ ဦးဆောင်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ကူညီ ထောက်ပံ့နေသူတွေ အများကြီးရှိတဲ့ အထဲမှာ ဒီလို ကူညီခြင်းအားဖြင့် ငွေကြေးခဝါချမှု ပြုလုပ်လိုတဲ့သူတွေ ရှိပါတယ်။ ဒါကို တိုက်ဖျက်တဲ့အခါမှာ ဗြိတိန်က ပူးပေါင်း ပါဝင်ဖို့ သန္နိဋ္ဌာန် ချထားပါတယ်” ဟု သံရုံး ဒုတိယ အကြီးအကဲ Matthew Hedges က ဆိုသည်။

ငွေကြေးခဝါချမှုနှင့် မူးယစ်ဆေးဝါး၊ အကြမ်းဖက်မှုများနှင့် ဆက်နွယ်သည့် ငွေကြေး လွှဲပြောင်းမှုများကို တိုက်ဖျက်ရေးမှာ တည်ငြိမ်ခိုင်မာသည့် ဘဏ္ဍာရေးစနစ် တစ်ခုထူထောင်ရန် အဓိက အရေးကြီးသည့် ခြေလှမ်းတစ်ရပ် ဖြစ်ပြီး ပြည်ပ ရင်းနှီးမြှုပ်နှံမှု များကိုလည်း ပိုမိုဝင်ရောက်စေမည် ဖြစ်ပြီး မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု များကို ဗြိတိန်နိုင်ငံက အများဆုံး အကူအညီ အထောက်အပံ့ ပြုနေပြီး မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ တည့်မတ် သေချာစေရန် လက်တွဲ ကူညီသွားမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

ငွေကြေးခဝါချမှု တိုက်ဖျက်ရေး လုပ်ငန်းများတွင် ပထမဆုံးအကြိမ်အဖြစ် ဗြိတိန်နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ပြီး ဗြိတိန်၏ နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့များအတွက် အသိအမှတ်ပြုကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက ပြောဆိုသည်။

ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ဖေဖော်ဝါရီ ဒုတိယပတ် အတွင်း ပြုလုပ်မည့် ငွေကြေးဆိုင်ရာ အရေးယူ ဆောင်ရွက်ရေးအဖွဲ့ (FATF) အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို ထည့်သွင်း ဆွေးနွေးပြီး အခြေအနေ တိုးတက်မှု မရှိပါက စီးပွားရေး ပိတ်ဆို့မှုများဖြင့် ထပ်မံအရေးယူမည်ဟု FATF ဥက္ကဋ္ဌ Mr.Vladimir Nechaev က ပြည်ထဲရေးဝန်ကြီးဋ္ဌာနသို့ အကြောင်းကြားစာ ပေးပို့ထားကြာင်း အဆိုပါ ဝန်ကြီးဋ္ဌာနမှ သိရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဖေဖော်ဝါရီ ဒုတိယပတ်မတိုင်မီ ပြဋ္ဌာန်းရန် တိုက်တွန်းထားသော ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေကြမ်းကို ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ပြုလုပ်သော အမျိုးသား လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပြီး ပြည်သူ့လွှတ်တော်က ယင်းဥပဒေကြမ်းကို ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် အတည်ပြုခဲ့ပြီး ဖြစ်သည်။

ဗဟိုဘဏ်၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေး တပ်ဖွဲ့နှင့် ဘဏ္ဍာရေးဆိုင်ရာ ပုဂ္ဂလိက အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်မည့် အလားတူ အလုပ်ရုံ ဆွေးနွေးပွဲ တစ်ရပ်ကို ဗြိတိန်နိုင်ငံ၏ အကူအညီဖြင့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ရန်ကုန်မြို့၌ ထပ်မံပြုလုပ်မည် ဖြစ်ကြောင်း ဗြိတိန်သံရုံးထံမှ သိရသည်။

The Voice Weekly

0 comments:

Post a Comment