12.2.14

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်များတွင် ဂျာမနီအစိုးရ ကူညီမည်

12-2-2014

တပ်မတော်အစိုးရ လက်ထက်က ရေးဆွဲခဲ့သည့် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်တွင် ဂျာမနီအစိုးရ အနေနှင့် လိုအပ်သော အကူအညီများ ပေးအပ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံသို့ အလည်အပတ် ခရီးစဉ်အဖြစ် ရောက်ရှိနေသည့် ဂျာမနီနိုင်ငံသမ္မတ Mr.Joachim Gauck က ပြောကြားသည်။
ဂျာမနီသမ္မတ Mr.Joachim Gauck က ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ ပြောကြားခဲ့သော မိန့်ခွန်းတွင် ယင်းသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင် ကူးပြောင်းရေးတွင် အဓိက လိုအပ်နေသော အထောက်အပံ့များကို ဂျာမနီအစိုးရ အနေနှင့် တတ်နိုင်သမျှ အကူအညီများ ပေးအပ်သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ဂျာမနီသမ္မတ Mr.Joachim Gauck သည် ၎င်း၏ နေပြည်တော် ခရီးစဉ်အတွင်း အစိုးရအရာရှိများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ အတိုက်အခံ ခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း ၎င်းကဆိုသည်။
“ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးက ဘယ်လောက် ခက်ခဲတယ်၊ အရေးကြီးတယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ ပိုပြီးအရေးကြီးတာက ဒီပြင်ဆင်ရေး လုပ်ငန်းစဉ်တွေမှာ လူနည်းစု၊ လူများစု အလွှာအသီးသီးက ပါဝင်ဖို့ လိုပါတယ်” ဟု ၎င်းကဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတွင် တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်မှုနှင့် တပေါင်းတစည်းတည်း ရပ်တည်မှုကို ဖော်ဆောင်ပေးမည့် ဖက်ဒရယ် ပြည်ထောင်စုစနစ် အကောင်အထည် ဖော်ရန်အတွက် ထည့်သွင်း စဉ်းစားသင့်ကြောင်း ၎င်းက အကြံပြု ပြောကြားသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင် ကူးပြောင်းရေး လုပ်ငန်းစဉ်များအတွက် လူ့စွမ်းအား အရင်းအမြစ်သည် အလွန်အရေးပါပြီး၊ လူ့စွမ်းအား အရင်းအမြစ် အားကောင်းလာစေရေးအတွက် ပညာရေးကဏ္ဍ အဆင့်မြှင့်တင်ရန် လိုအပ်ကြောင်း၊ လူငယ်မျိုးဆက်သစ် များစွာကို ပြုစုပျိုးထောင် ပေးသင့်ကြောင်း ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသွားသည်။

လူ့စွမ်းအား အရင်းအမြစ် အားကောင်းမှသာလျှင် မြန်မာ့နိုင်ငံ၏ အနာဂတ် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များကို ယုံကြည်မှုရှိရှိ ဆောင်ရွက်နိုင်မည် ဖြစ်ပြီး၊ တစ်ချိန်တည်းတွင် ယခင်ဖြစ်ပွားခဲ့သော အတိတ်ဆိုးများကို အောက်မေ့ဖော်ထုတ် အပြစ်တင်နေခြင်းများ မပြုလုပ်သင့်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

Mr.Joachim Gauck သည် ၁၉၈၆ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံသို့ ပထမဦးဆုံးအကြိမ် ရောက်ရှိလာခဲ့သည့် ဂျာမနီသမ္မတ ဖြစ်သည်။

ဂျာမနီသမ္မတသည် ဖေဖော်ဝါရီလ ၉ ရက်နေ့က စတင်ခဲ့သည် ၎င်း၏ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရ အရာရှိများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ အရပ်ဘက် လူ့အဖွဲ့အစည်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည့်အပြင် ရန်ကုန်မြို့တော်ရှိ သမိုင်းဝင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမကြီးတွင် ပြည်သူလူထုထံ မိန့်ခွန်းပြောကြားခဲ့သည်။

0 comments:

Post a Comment