4.7.16

၁၉၈၂ ဥပဒေဖြင့် နိုင်ငံသား စိစစ်ရေး အဖွဲ့တွင် ပြည်သူ့ ကိုယ်စားလှယ် (တိုင်းရင်းသား ကိုယ်စားလှယ်) နှစ်ဦး ထည့်သွင်း ဖွဲ့စည်းပေးရန် ANP လွှတ်တော် ကိုယ်စားလှယ်များနှင့် ကျောက်ဖြူ၊ ဘူးသီးတောင် ဒေသခံများ လက်မှတ် ရေးထိုးတောင်းဆို

၁၉၈၂ ဥပဒေဖြင့် နိုင်ငံသား စိစစ်ရေး အဖွဲ့တွင် ပြည်သူ့ ကိုယ်စားလှယ် (တိုင်းရင်းသား ကိုယ်စားလှယ်) နှစ်ဦး ထည့်သွင်း ဖွဲ့စည်းပေးရန် ANP လွှတ်တော် ကိုယ်စားလှယ်များနှင့် ကျောက်ဖြူ၊ ဘူးသီးတောင် ဒေသခံများက လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြောင်း သတင်း ရရှိသည်။

၁၉၈၂ခုနှစ် ဥပဒေဖြင့် နိုင်ငံသား စိစစ်ရာတွင် တိုင်းရင်းသား ကိုယ်စားလှယ် (မြို့ကိုယ်စားလှယ်) နှစ်ဦး ထည့်သွင်း ဖွဲ့စည်းပေးရန် အတွက် ဇူလိုင် ၁ ရက်တွင် ဘူးသီးတောင် မြို့ခံများက လက်မှတ်ရေးထိုး တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
ယခင် နိုင်ငံသား စိစစ်ရေး အဖွဲ့တွင် ဒေသခံ တိုင်းရင်းသား ကိုယ်စားလှယ် တစ်ဦးအဖြစ် ပါဝင်ခဲ့သူ ဘူးသီးတောင်မြို့ခံ ဦးဇော်ဝင်းက “ဒီကနေ့ ကျွန်တော်တို့ ကောက်ခံရရှိတဲ့ ပြည်သူ ၈၁၂ ဦးရဲ့ လက်မှတ်နဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးဆီ တင်လိုက်တာပါ။ အရင်က နိုင်ငံသား စိစစ်ရေး အဖွဲ့ကို ဖျက်သိမ်းတာတို့ ရုပ်သိမ်းလိုက်တာတို့ကို ဘာမှအကြောင်း ကြားတာ မရှိပေမယ့် အခုအစိုးရသစ်က ဖွဲ့စည်းလိုက်တဲ့ အဖွဲ့က လွှမ်းမိုးသွားနေတယ်လို့ ယူဆပါတယ်။ အခု ဘူးသီးတောင်မှာ စုံစမ်း စစ်ဆေးရေး အဖွဲ့သစ်ကို ဌာနဆိုင်ရာ ၀န်ထမ်းတွေနဲ့ ဖွဲ့ပြီးပြီလို့ သိရတယ်။ ဒီအတိုင်းဆိုရင်တော့ ပြည်သူတွေ စိုးရိမ်စရာတွေ ဖြစ်လာပါမယ်” ဟု ပြောကြားသည်။
ထို့အပြင် ဇွန် ၂၉ ရက်က ကျောက်ဖြူမြို့ သာသနာ့ ဗိမာန်တွင် ပြုလုပ်သည့် လူထု အစည်းအဝေးတွင် ဒေသခံများ စုပေါင်း လက်မှတ်ရေးထိုး တောင်းဆိုလိုက်ခြင်း ဖြစ်ပြီး ANP ပါတီမှ လွှတ်တော် ကိုယ်စားလှယ် လေးဦးက လက်မှတ် ရေးထိုးကာ ပြည်နယ်ဝန်ကြီးချုပ်ထံ စာရေး တောင်းဆိုခဲ့ကြောင်း၊ ဇူလိုင် ၁ ရက်တွင် ဘူးသီးတောင် မြို့ခံများက လက်မှတ်ရေးထိုး တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကျောက်ဖြူလူငယ် အဖွဲ့မှ ဦးလှမျိုးကျော်က “ဒေသခံတွေရဲ့ တောင်းဆိုချက်နဲ့ မနေ့က သာသနာ့ ဗိမာန်မှာ အစည်းအဝေးခေါ်တယ်။ အစည်းအဝေးက ဆုံးဖြတ်ချက်နဲ့ ကျွန်တော်တို့ နိုင်ငံသား စိစစ်ရေး အဖွဲ့မှာ ဒေသခံ ကိုယ်စားလှယ် နှစ်ယောက် ထည့်ပေးဖို့ တောင်းဆိုကြတယ်။ အစည်းအဝေး ပြီးတာနဲ့ ချက်ချင်း ခရိုင် အုပ်ချုပ်ရေးမှူးဆီကိုသွားပြီး စာတင်ထားပါတယ်။ ၂၀၁၅ ခုနှစ်က အတွေ့အကြုံကို ပြောရရင် ဒေသခံ ကိုယ်စားလှယ်ပါတဲ့ အတွက် ဒေသခံတွေက ၀ိုင်းရံပြီး လုပ်နိုင်တဲ့ အခါ သေသေချာချာ စိစစ်နိုင်တယ်။ အခု ဌာနဆိုင်ရာဖြစ်တဲ့ အခါကျတော့ ဒေသခံတွေ ၀ိုင်းရံဖို့ ခက်သွားတယ်ဆိုတာ တစ်ချက်၊ နောက်တစ်ချက်က ၀န်ထမ်း ဆိုတာကတော့ အစိုးရ ခိုင်းတာပဲ လုပ်ရတယ်။ အရပ်သား ပုံစံမျိုး ပွင့်ပွင့်လင်းလင်း မဖြစ်ဘူး။ ကျွန်တော်တို့က နိုင်ငံသား စိစစ်တဲ့ အခါ တိတိကျကျ ဖြစ်စေချင်လို့ အခုလို ကန့်ကွက်စာ တင်ရတာ ဖြစ်ပါတယ်။ ကန့်ကွက်စာ တင်လို့လည်း မရရင်တော့ ဆန္ဒ ထုတ်ဖော်သွားမယ်” ဟု ပြောကြားသည်။
လွန်ခဲ့သော ၂၀၁၅ ခုနှစ်က ကျောက်ဖြူ တွင် မြို့နယ်အဆင့် နိုင်ငံသား စိစစ်ရေး အဖွဲ့၌ ဒေသခံ ကိုယ်စားလှယ် ပါဝင်ခဲ့သဖြင့် အမှန်တကယ် ဥပဒေနှင့်အညီ စစ်ဆေးနိုင်ခဲ့ကြောင်းနှင့် ယခုအစိုးရသစ်က ဖွဲ့စည်းလိုက်သော စိစစ်ရေး အဖွဲ့တွင် ဒေသခံ ကိုယ်စားလှယ်များ ပါဝင်လာခြင်း မရှိတော့သဖြင့် မှန်မှန်ကန်ကန် စိစစ်မှုတွင် သံသယဖြစ်ဖွယ် ရှိနေကြောင်းလည်း ဒေသခံများက ဆိုသည်။
“ဒေသ၀ိုင်းရံရင် ၀ိုင်းရံသလောက် အမှန်အတိုင်း ဖြစ်ခဲ့တယ်။ မြေပုံမှာ နည်းနည်းလောက် လျှော့လိုက်တာနဲ့ မြေပုံမှာ လေးငါးရာလောက် ပြုနိုင်ငံသား ဖြစ်သွားခဲ့တယ်။ ကျွန်တော်တို့ ကျောက်ဖြူမှာဆိုရင် ၂၄၀ စိစစ်တဲ့ အထဲမှာ နှစ်ယောက်လောက်ပဲ အကျုံးဝင်တာ ရှိခဲ့တယ်။ ဒါကြောင့် ဒေသခံတွေက အမှန်အတိုင်းဖြစ်ဖို့ ၀ိုင်းရံသင့်တယ်။ ပါဝင်သင့်တယ်လို့ ယူဆပါတယ်” ဟု ကျောက်ဖြူ လူငယ် အဖွဲ့မှ ဦးလှမျိုးကျော်က ဆိုသည်။
အလားတူ ဘူးသီးတောင် မြို့တွင်လည်း မြို့ခံများက လက်မှတ် ရေးထိုးပြီး မြို့နယ် အုပ်ချုပ်ရေးမှူးထံသို့ ကန့်ကွက်စာကို ဇူလိုင် ၁ ရက်က တင်လိုက်ကြောင်း သိရသည်။
ရခိုင်အမျိုးသားပါတီ (ANP) လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်သည့် ဦးအေးသိန်း (ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်၊ စစ်တွေ-၁)၊ ဦးကျော်ဇောဦး (ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်၊ စစ်တွေ-၂)၊ ဦးဝေစိန်အောင် (အမျိုးသား လွှတ်တော်၊ စစ်တွေ) နှင့် ဦးမောင်သိန်းခိုင် (ပြည်သူ့ လွှတ်တော်၊ စစ်တွေ) တို့က “နိုင်ငံသား သို့မဟုတ် နိုင်ငံသား ပြုခွင့်ရသူဆိုင်ရာ စုံစမ်း စစ်ဆေးရေး အဖွဲ့” ဖွဲ့စည်းရာတွင် လွတ်လပ်သော အရပ်ဘက် ကိုယ်စားလှယ်နှစ်ဦး ထည့်သွင်း ဖွဲ့စည်းရေး မဲဆန္ဒရှင်များ ကိုယ်စား ဇွန် ၂၉ ရက်က တောင်းဆိုသည့် စာကို ပြည်နယ် ၀န်ကြီးချုပ်ထံ ပေးပို့ခဲ့သည်။
Credit To >>> Eleven Media Group

0 comments:

Post a Comment