26.12.16

ရုရှားစစ်လေယာဉ်တစ်စင်း ဆီးရီးယားသို့ ပျံသန်းစဉ် ပင်လယ်နက် အတွင်းသို့ ပျက်ကျ၊ ၉၂ ဦးသေဆုံး

လူပေါင်း ၉၂ ဦးကို တင်ဆောင်လာသည့် ရုရှားစစ်လေယာဉ်တစ်စင်းသည် ဒီဇင်ဘာ ၂၅ ရက်က ဆီးရီးယား နိုင်ငံသို့ ဦးတည်ပျံသန်းနေစဉ် ပင်လယ်နက်အတွင်းသို့ ပျက်ကျခဲ့ရာ လေယာဉ်ပေါ်လိုက်ပါလာသူအားလုံး သေဆုံးရကြောင်း ရုရှားအာဏာပိုင်များက ပြောကြားကြသည်။
တီယူ-၁၅၄ တူပိုလက် အမျိုးအစား လေယာဉ်သည် ရုရှားနိုင်ငံတောင်ပိုင်း ဆိုချီမြို့မှ ပျံသန်းထွက်ခွာခဲ့ပြီးနောက် နှစ်မိနစ်အကြာတွင် ပျက်ကျခဲ့ကြောင်း၊ မြို့တော် မော်စကိုမှ စတင်ထွက်ခွာခဲ့သော စစ်လေယာဉ်သည် အပန်းဖြေစခန်းမြို့ဖြစ်သော ဆိုချီမြို့၌ လေယာဉ်ဆီဖြည့်တင်းခဲ့ပြီးနောက် ဆက်လက်ထွက်ခွာခဲ့ရာတွင် ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်အီဂေါကိုနာရှန်ကော့ဗ်က ပြောကြားသည်။
ပျက်ကျခဲ့သော လေယာဉ်နှင့်အတူ လိုက်ပါခဲ့ကြသူများမှာ ရုရှားတပ်နီမှ အလက်ဇန်းဒရို စစ်သံစုံတီးဝိုင်းအဖွဲ့မှ တေးဂီတပညာရှင်များနှင့် ကချေသည်များဖြစ်ကြောင်း၊ ၄င်းအပြင် သတင်းထောက်အချို့လည်းပါရှိကြောင်း၊ လေယာဉ်ပျက်ကျမှုတွင် တစ်ဦးတစ်ယောက်မျှ အသက်ရှင်သူမရှိကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။
ပျက်ကျခဲ့သည့် လေယာဉ်မှာ ဆိုဗီယက်ခေတ်က တည်ဆောက်ခဲ့သည့် ဂျက်လေယာဉ်ဖြစ်ပြီး လေယာဉ်ဝန်ထမ်း ရှစ်ဦးနှင့် ခရီးသည် ၈၄ ဦး လိုက်ပါလာခဲ့သည်။
အဆိုပါလေယာဉ်နှင့်အတူ လိုက်ပါလာသူ တပ်နီ သံစုံတီးဝိုင်းအဖွဲ့မှ အနုပညာရှင်များသည် နှစ်သစ်ကူး ကာလ၌ ရှေ့တန်းရောက် တပ်ဖွဲ့ဝင်များအား ဖျော်ဖြေနိုင်ရန် ဆီးရီးယားနိုင်ငံရှိ မေမင်းလေတပ်စခန်းသို့ သွားရောက်ကြခြင်းဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

Credit To >>> The Mirror Daily

0 comments:

Post a Comment