26.12.16

ရှမ်းပြည်နိုင်ငံရေးပါတီများအဖွဲ့ချုပ် ဖွဲ့စည်းရေး ကြားဖြတ်ရွေးကောက်ပွဲ ပြီးမှသာ ဆောင်ရွက်နိုင်မည်

ရှမ်းပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများ စုစည်း၍ ရှမ်းပြည်နိုင်ငံရေးပါတီများအဖွဲ့ချုပ်ဖွဲ့စည်းရေးကို ကြားဖြတ်ရွေး ကောက်ပွဲအပြီးတွင် အပြီးသတ် ဆောင်ရွက်မည်ဖြစ်ကြောင်း ယင်းအဖွဲ့ချုပ်တည်ထောင်ရေး ဦး ဆောင်သူ ဦးစိုင်းအိုက်ပေါင်းက ပြောသည်။

ရှမ်းပြည်နိုင်ငံရေးပါတီများ အဖွဲ့ချုပ်ကို ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီ ၁၈ ပါတီမှ ၁၃ ပါတီက သဘောတူထားပြီး ကျန် ရှိနေသော ပါတီများပါ အဖွဲ့ချုပ် အတွင်းသို့ ပါဝင်လာနိုင်ရေး ကြားဖြတ်ရွေးကောက်ပွဲ အပြီး တွင် ဆက်လက်ဆွေးနွေးမည်ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရက် တစ်ပါတီဥက္ကဋ္ဌလည်းဖြစ်သူ ဦး စိုင်းအိုက်ပေါင်းကဆိုသည်။


‘‘အခုချိန်က ကြားဖြတ်ရွေး ကောက်ပွဲအတွက် အလုပ်တွေ များနေကြတာဆိုတော့ ရွေး ကောက်ပွဲအပြီးမှ အဖွဲ့ချုပ် ဖွဲ့ စည်းရေးလုပ်ငန်းစဉ်တွေကို ဆက် လုပ်မယ်’’ဟု ဦးစိုင်းအိုက်ပေါင်း ကပြောသည်။

လာမည့် ၂၀၁၇ ဧပြီ ၁ ရက် တွင် ကျင်းပမည့် ကြားဖြတ်ရွေး ကောက်ပွဲ၌ လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာတွင် ရှမ်းပြည်နယ်သည် မဲဆန္ဒနယ်ခုနစ်နေရာဖြင့် အများဆုံးရှိနေကာ ရွေးကောက်ပွဲ အနိုင်ရရှိရေး ပြည်နယ်အတွင်းရှိ ပါတီများက အကြိတ်အနယ် ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။

ရှမ်းပြည်နယ်ရှိ နိုင်ငံရေးပါ တီများစုစည်းကာ ရှမ်းပြည်တိုင်း ရင်းသားနိုင်ငံရေးပါတီများအဖွဲ့ ချုပ်ဖွဲ့စည်းတည်ထောင်ရန် ပြီးခဲ့ သည့်မေလအတွင်းက ရန်ကုန်မြို့တွင် ပထမအကြိမ် တွေ့ဆုံကာ သဘောတူညီမှုများရှိခဲ့သည်။

အဆိုပါတွေ့ဆုံမှုတွင် ရှမ်း ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီ ၁၈ ပါတီကို ဖိတ်ကြားထားပြီး ၁၃ ပါတီက တက်ရောက်ကာ သ ဘောတူညီခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်တွင် အင်အား ကြီးပါတီဖြစ်သော ရှမ်းတိုင်းရင်း သားများဒီမိုကရေစီအဖွဲ့ချုပ်ကမူ အဆိုပါပထမအကြိမ် တွေ့ဆုံမှု အစည်းအဝေးသို့ တက်ရောက်ခဲ့ခြင်းမရှိပေ။

ရှမ်းပြည်နယ်အတွင်း စည်း လုံးညီညွတ်မှုရှိရေး ရှမ်းပြည်ပူး ပေါင်းဆောင်ရွက်ရေး ကော်မတီ(SSJAC)ကို ဖွဲ့စည်းထားပြီး ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ စည်းလုံးညီညွတ်ရေး အတွက် လုပ်ဆောင်နေကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေ စီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်ကပြောသည်။

၁၉၉၆ က စတင်ဖွဲ့စည်းခဲ့ သော SSJAC တွင် ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ် ပါ ဝင်နေပြီး ရှမ်းပြည်တိုင်းရင်းသား နိုင်ငံရေးပါတီများအဖွဲ့ချုပ် တည် ထောင်နိုင်ရေးအတွက် ရှမ်းတိုင်း ရင်းသား ဒီမိုကရက်တစ်ပါတီက ဦးဆောင်ပါတီအဖြစ် ပါဝင်နေ သည်။ ရှမ်းပြည်နယ်တွင် အင်အားကြီးပါတီများအဖြစ် ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရက် တစ်ပါတီတို့ရှိနေသည်။



Credit To >>> 7 Day Daily

0 comments:

Post a Comment