26.12.16

နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းများနှင့် KIA၊ TNLA၊ MNDAA လက်နက်ကိုင်အဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွား

ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ ကွတ်ခိုင်မြို့နယ်နှင့် ကုန်းကြမ်းမြို့နယ်တို့အတွင်း တပ်မတော်စစ်ကြောင်းများသည် ယမန်နေ့နံနက် ၇ နာရီ မိနစ် ၂ဝ ခန့်တွင် နယ်မြေ ရှင်းလင်းရေးဆောင်ရွက်စဉ် KIA၊ TNLA၊ MNDAAလက်နက်ကိုင်အဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကွတ်ခိုင်မြို့နယ်အတွင်း တပ်မတော်စစ်ကြောင်း များသည် နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် နံနက် ၇ နာရီ မိနစ် ၂ဝ ခန့်တွင် ပန်ဖိတ်ရွာ၏အနောက်ဘက် မီတာ ၃၅ဝဝ ခန့်အကွာသို့အရောက်၌ KIA၊ TNLA လက်နက်ကိုင်အဖွဲ့အင်အား ၄ဝ ခန့်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လည်းကောင်း၊ အလားတူ နံနက် ၇ နာရီခွဲခန့်တွင် ကုန်းကြမ်းမြို့၏ အနောက်မြောက်ဘက် နှစ်မိုင်ခန့်အကွာသို့အရောက်၌ MNDAA လက်နက်ကိုင် အဖွဲ့အင်အား ၅ဝ ခန့်က သုံးနေရာဖြန့်ခွဲ၍ လည်းကောင်း၊ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်စစ်ကြောင်းက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လက်နက်ကိုင်အဖွဲ့များ အနောက်ဘက်နှင့် အနောက်မြောက်ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။
အဆိုပါ ဖြစ်စဉ်များအတွင်း တပ်မတော်မှ စစ်သည်တစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။
လက်နက်ကိုင်အဖွဲ့များ ဆုတ်ခွာရာနောက်သို့ လိုက်လံရှင်းလင်းရာ ညနေ ၄ နာရီ ၅မိနစ်ခန့်တွင် ကုန်းကြမ်းမြို့၏ အနောက်မြောက်ဘက် နှစ်မိုင်ခန့်အကွာ တောင်ယာဟောင်းရှိ ကောက်ရိုးပုံအတွင်းမှ ပလတ်စတစ် ဖြင့် ထုပ်ထားသည့် ပန်းရောင်စိတ်ကြွရူးသွပ်ဆေးအမှုန့် တစ်ထုပ် ၁၈၅ ဂရမ်(ဒေသတန်ဖိုး ငွေကျပ် ၃၅ သိန်း ကျော်)အား သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment