18.3.13

ချန်ပီယံလိဂ်တွင် ရလဒ် ဆိုးရွားနေသော အင်္ဂလန် ကလပ်အသင်းများ အတွက် ၀င်းဂါး စိတ်ပူ

အာဆင်နယ် နည်းပြ ၀င်းဂါးက ယခုရာသီ ချန်ပီယံလိဂ်တွင် ၎င်းတို့ အသင်း အပါအ၀င် အင်္ဂလန် ကလပ်အသင်းများမှာ ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခြင်း မရှိပဲ ပြိုင်ပွဲမှ လှည့်ပြန်ခဲ့ရခြင်းသည် အနာဂတ် အင်္ဂလန် ဘောလုံးလောက အတွက် စိုးရိမ်စရာ ဖြစ်လာကြောင်း ဆိုသည်။ အာဆင်နယ် အသင်းသည် ယမန်နေ့ ဘိုင်ယန် အသင်းနှင့် ဒုတိယ အကျော့ ပွဲစဉ်တွင် အဝေးကွင်း၌ ၂းဝ ဖြင့် နိုင်ခဲ့သော်လည်း
နှစ်ကျော့ပေါင်း ရလဒ် ၃း၃း နှင့်အတူ အဝေးဂိုး စည်းမျဉ်းဖြင့် ကွာတားဖိုင်နယ်သို့ တက်ရောက်ခွင့်ကို လက်လွှတ်ခဲ့ရပြီး ဘိုင်ယန် အသင်းသည် ပထမ အကျော့ အဝေးကွင်းတွင် ကစားစဉ်က ၃း၁ ဖြင့် အာဆင်နယ်ကို နိုင်ခဲ့ဖူးကာ ထိုစဉ်က အသင်းအတွက် အရေးပါဆုံးဖြစ်သော အဝေးဂိုး ၃ ဂိုးအထိ ရရှိခဲ့သည်။ မန်ယူ အသင်းသည် ရီးရဲလ် အသင်းကို ရှုံးပြီး ရှုံးထွက် အဆင့်မှ လှည့်ပြန်ခဲ့ရသလို လက်ရှိ ချန်ပီယံ ချဲလ်ဆီးနှင့် မန်စီးတီး အသင်းတို့မှာ အုပ်စုမှပင် လှည့်ပြန်ခဲ့ရသည်။ ယင်းကြောင့် ချန်ပီယံလိဂ်တွင် အင်္ဂလန် ကလပ်အသင်းများ အနေဖြင့် ကွာတားဖိုင်နယ်သို့ မတက်ရောက်နိုင်ခြင်းမှာ နှစ်ပေါင်း ၁၇ နှစ် အတွင်း ပထမဆုံး အကြိမ် အဖြစ် အဆိုးရွားဆုံး မှတ်တမ်း စံချိန် တွင်သွားခဲ့သည်။

ဝင်းဂါးက ဒါဟာ အင်္ဂလန် ဘောလုံးလောက အတွက် အရမ်းကို စိတ်ပျက်စရာ ဖြစ်ကြောင်း၊ မိမိတို့ အပါအ၀င် မန်ယူ၊ ချဲလ်ဆီးနှင့် မန်စီးတီး အသင်းတို့ ကွာတားဖိုင်နယ်သို့ မတက်နိုင်ခဲ့ခြင်းနှင့် ပတ်သက်၍ အမြန်ဆုံး ပြန်လည် နိုးထရန် လိုအပ်လာပြီ ဖြစ်သလို ဥရောပ ဘောလုံးလောက ကလပ်အသင်း အများစုမှာ မိမိတို့ကို လိုက်မီလာပြီ ဖြစ်၍ မိမိတို့ အနေဖြင့် အနာဂတ် ပရီးမီးယားလိဂ် အနေအထားကိုပါ ပြန်လည် စဉ်းစားရန် လိုအပ်လာပြီ ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ ဆက်လက်ပြီး အာဆင်နယ် နည်းပြ ၀င်းဂါးက ၎င်းတို့ အသင်းမှ ကစားသမားများ အနေဖြင့် ဘိုင်ယန် အသင်းနှင့် အဝေးကွင်း ပွဲစဉ်တွင် နိုင်ပွဲ ရရှိပြီး ကွာတားဖိုင်နယ်သို့ တက်ရောက်ရန် အနီးစပ်ဆုံး အနေအထားသို့ ရောက်စေခဲ့သည် အထိ ကြိုးစားနိုင်ခဲ့ခြင်းအတွက် အသင်းမှ ကစားသမားများ အပေါ် ဂုဏ်ယူကြောင်း ဆိုသည်။

0 comments:

Post a Comment