18.3.13

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား နယူးဇီလန်နိုင်ငံ ဘုရင်ခံချုပ် Lt Gen the Rt Hon Sir Jerry Mateparae က ဂုဏ်ပြုကြိုဆို နှစ်နိုင်ငံ ပိုမိုပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

နယူးဇီလန်နိုင်ငံ အော့ကလန်မြို့၌ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား နယူးဇီလန်နိုင်ငံ ဘုရင်ခံချုပ်က မတ်(၁၄)ရက် ညနေ(၃)နာရီတွင် အော့ကလန်မြို့ရှိ အစိုးရအိမ်တော်၌ ဂုဏ်ပြု ကြိုဆိုသည်။ ရှေးဦးစွာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားသို့ ရောက်ရှိလာရာ နယူးဇီလန် (Maori Cultural Group) က မိုရီ တိုင်းရင်းသား ရိုးရာ ဓလေ့ထုံးစံ အရဖြင့် ကြိုဆိုသည်။ထို့နောက် နိုင်ငံတော်သမ္မတအား နယူးဇီလန်ဘုရင်ခံချုပ်နှင့် ဇနီးတို့က ရင်းနှီးခင်မင်စွာ ကြိုဆိုနှုတ်ဆက်သည်။ ယင်းနောက် နိုင်ငံတော်သမ္မတသည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူကြပြီး နိုင်ငံတော်သမ္မတက ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးသည်။

ထို့နောက် နှစ်နိုင်ငံဆွေးနွေးပွဲကို အစိုးရအိမ်တော်၌ ကျင်းပရာ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးတင်နိုင်သိန်း၊ ဦးအုန်းမြင့်၊ ဦးခင်ရီ၊ ဒေါက်တာ မြအေး၊ ဒေါက်တာမြင့်အောင်၊ ဒေါက်တာကံဇော်၊ ဒေါက်တာကိုကိုဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့် ဒုတိယဝန်ကြီးများ တက်ရောက်ကြပြီး နယူးဇီလန် ဘုရင်ခံချုပ်နှင့်အတူ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။

တွေ့ဆုံရာ၌ မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေ၊ နယူးဇီလန်နိုင်ငံ အနေဖြင့် ပါဝင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေ၊ ပညာရေး၊ မွေးမြူရေးကဏ္ဍများတွင် နယူးဇီလန်နိုင်ငံ ကုမ္ပဏီများမှ ရင်းနှီးမြှုပ်နှံရေး၊ နည်းပညာ အကူအညီပေးရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်ပူးပေါင်း ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

ထိုသို့ ဆွေးနွေးစဉ် နယူးဇီလန်နိုင်ငံဘုရင်ခံချုပ်က နယူးဇီလန်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် အပြည့်အဝ ကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နယူးဇီလန်နိုင်ငံတွင် မည်သည့်အစိုးရ တာဝန်ယူသည် ဖြစ်စေ မြန်မာနိုင်ငံ၏ မိတ်ဆွေနိုင်ငံအဖြစ် ရပ်တည်သွားမည် ဖြစ်ကြောင်း ထပ်မံအတည်ပြု ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတကလည်း မြန်မာနိုင်ငံသို့ နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် H. E. RT. Hon. Jon Key လာရောက် လည်ပတ်ခဲ့သည့် ခရီးစဉ်နှင့် ယခုမိမိလာရောက် လည်ပတ်သည့် ခရီးစဉ်နှစ်ခုသည် နှစ်နိုင်ငံဆက်ဆံရေးတွင် သမိုင်းဝင်မည့် ခရီးစဉ်များပင် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုများကို ဖယ်ရှားနိုင်ရေးအတွက် နယူးဇီလန်နိုင်ငံ၏ ထောက်ခံ အားပေးမှုနှင့် ပတ်သက်၍ လည်းကောင်း၊ မြန်မာနိုင်ငံကို BURMA အစားတရားဝင် အမည်ဖြစ်သည့် MYANMAR ဟု ပြောင်းလဲသုံး စခေါ်ဝေါ်ခဲ့ခြင်းနှင့် ပတ်သက်၍လည်းကောင်း မြန်မာနိုင်ငံ ပြည်သူများနှင့် မိမိတို့ အစိုးရက အထူးကျေးဇူးတင်ရှိပါကြောင်း၊ နှစ်နိုင်ငံအစိုးရအချင်းချင်း ဆက်ဆံရေးသာမက နှစ်နိုင်ငံ ပြည်သူများအချင်းချင်း ဆက်ဆံရေးကိုပါ တိုးမြှင့်ဆောင်ရွက်မည် ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့သည်။

ညပိုင်းတွင် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များအား နယူးဇီလန်ဘုရင်ခံချုပ်က အစိုးရ အိမ်တော်၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

0 comments:

Post a Comment