18.3.13

ဒေါ်အောင်ဆန်းစုကြည် Total Myanmar ရေနံနဲ့သဘာဝဓာတ်ငွေ့စီမံကိန်းနယ်မြေသွားရောက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ထားဝယ်ခရိုင် ရေဖြူမြို့နယ်မှာ ရှိတဲ့ ဒေသခံတွေနဲ့ ဒီကနေ့မှာ တွေ့ဆုံပြီး လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေ ကို မေးမြန်းခဲ့ပါတယ်။ ရေဖြူမြို့နယ် မီးချောင်းလောင်းကျေးရွာ မူကြိုကျောင်းမှာ ဒေသခံတွေနဲ့ တွေ့ဆုံခဲ့တာနဲ့ ပတ်သက်ပြီး တွေ့ဆုံပွဲ တက်ရောက်ခဲ့တဲ့ ဒေသခံ မမြင့်မူက RFA ကို အခုလို ပြောပါတယ်။
" ဒေါ်အောင်ဆန်းစုကြည်က မေးတယ်၊ ဒေသခံတွေဘာတွေလိုအပ်လဲ၊ ဒေသခံတွေက လမ်းပန်းဆက်သွယ်ရေး ကောင်းအောင်လုပ်ပေးပါလို့၊ နောက်ပြီး မီး၊ ရေ၊ ဆေးရုံ၊ ကျောင်း အကုန်လုံးတော့ တောင်းဆိုပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြောတယ် အဲ့ဒါတွေအကုန်လုံး နေပြည်တော်ကိုတင်ပြ ပေးမယ်ပေါ့၊ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ် သူကနှစ်ချက် တောင်းဆိုမယ်တဲ့၊ ဘာတောင်းဆိုမလဲဆိုတော့ အကုန်လုံးက ဆိုင်ကယ်စီးရင် ဦးထုပ်ဆောင်းကြပါတဲ့၊ နောက်ပြီး ရာဘာပင်တွေက တအားများနေတယ် ရာဘာပင်တွေထက် တခြားအပင်တွေလည်း စိုက်ကြပါတဲ့ အဲ့နှစ်ချက်တော့ ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုတယ်" ။
ဒီကနေ့ မနက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က ရေဖြူမြို့နယ် Total Myanmar (တိုတယ်ကုမ္ပဏီ) ရဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့စီမံကိန်းကို သွားရောက်လေ့လာပြီး ကံပေါက်ကျေးရွာ၊ ဇာဒီကျေးရွာနဲ့ မီးချောင်းလောင်းကျေးရွာတို့မှာရှိတဲ့ ကုမ္ပဏီက ဆောက်လုပ်ပေးထားတဲ့ ဆေးရုံအဆောက်အဦးတွေ၊ လမ်းပြုပြင်ထားမှုတွေနဲ့ စာသင်ကျောင်း ဆောက်လုပ်ထားမှုတွေကို သွားရောက် လေ့လာခဲ့ပါတယ်။ ဒီခရီးစဉ်ကို Total Myanmar ကုမ္ပဏီရဲ့ ဖိတ်ကြားချက်အရ ဒေါ်အောင်ဆန်းစုကြည်က သွားရောက်ခဲ့တာ ဖြစ်ပြီး ကုမ္ပဏီက တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

0 comments:

Post a Comment