23.6.13

ဝါးခယ်မမြို့နယ် အထက်ပေကုန်း ကျေးရွာတွင် မြစ်ကမ်းပါးပြိုကျ လာမှုကြောင့် လူနေအိမ်များ စတင်ပြောင်းရွှေ့

ဝါးခယ်မမြို့နယ် အထက်ပေကုန်း ကျေးရွာတွင် ရွှေလောင်းမြစ်ရေ တိုက်စားမှုများကြောင့် ကမ်းပြိုမှု ကို နှစ်စဉ်ကြုံတွေ့နေရပြီး ယခုနှစ်တွင်လည်း ကမ်းပါးပြိုကျမှုများ စတင်ဖြစ်ပွားလာမှုကြောင့် လူနေအိမ် များ ဘေးလွတ်ရာကို စတင်ပြောင်းရွှေ့ နေရကြောင်း သတင်းရရှိသည်။

အထက်ပေကုန်း ကျေးရွာသည် ရွှေလောင်းမြို့၏ တစ်ဖက်ကမ်းတွင် တည်ရှိပြီး ရွှေလောင်းမြစ်ရေ တိုက်စားမှုကို ၂၀၀၈ ခုနှစ်မှ စတင်ကာနှစ်စဉ်ကြုံတွေ့ နေရကြောင်း ၂၀၁၂ ခုနှစ်ထိ ကမ်းပါးပြိုကျမှု များကြောင့် လူနေအိမ်ခြေပေါင်း ၂၂၄ လုံး ဆုံးရှုံးခဲ့ပြီး ကျေးရွာ၏ သုံးပုံတစ်ပုံမှာ နေအိမ်များ စွန့်ခွာ ကာ ပြောင်းရွှေ့နေထိုင်ကြရကြောင်း၊ မြစ်ရေစီးမှု ပိုမိုပြင်းထန်သော စက်တင်ဘာနှင့် အောက်တိုဘာလ များတွင် ကမ်းပါးပြိုကျမှုများကို ပိုမိုကြုံတွေ့ လာရနိုင်ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

"ဒီနှစ်မှာတော့ မြစ်ကမ်းဘေးက အိမ် ၁၅ အိမ်လောက် ပြောင်းပေးထားရပြီ။ ကမ်းပြိုတာကို ကာကွယ်ဖို့ ရွာခံတွေပဲ စုပေါင်းလုပ်နေရတာ အကြိမ်ကြိမ်ဆိုတော့ ငွေကြေးလဲ သိပ်မတတ်နိုင်တော့ဘူး၊ ၀န်ကြီးချုပ် လာကြည့်ပြီး ကူညီမယ်လို့လည်း ပြောသွားသေးတယ်။ ဒါပေမဲ့ အခုထိ ဘာမှမထူးဘူး။ နှစ်တိုင်း ရွာကအကုန်အကျခံပြီး ကမ်းပြိုတာသက်သာဖို့ နည်းမျိုးစုံ လုပ်နေတာပဲ ဒီနှစ်တော့ ရွာမှာလဲ ပိုက်ဆံသိပ် မတတ်နိုင်တော့ဘူး။ ဒီအတိုင်း ကမ်းပြိုတာ ထိုင်ကြည့်နေရ တော့တာပဲ" ဟု အထက်ပေကုန်းကျေး
ရွာ ကမ်းပြိုမှု တားဆီးကာကွယ်ရေး ကော်မတီ အတွင်းရေးမှူး ဦးမြင့်ဝင်းကပြောကြားသည်။

"အရင်က အိမ်နောက်မှာ ခုနစ်ဧကလောက် အကျယ်ရှိတယ်။ ကမ်းပြိုတာ တဖြည်းဖြည်းနဲ့ ပါသွားတာ အခုဆို အိမ်နားကိုမြစ်က ကပ်နေပြီ။ အခုကမ်းက အထဲလှိုက်စားပြီး အလွှာလိုက် ပြိုကျတဲ့ အဆင့် မရောက်သေးဘူး။ တအိအိ ပါသွားတာပဲ ရှိသေးတယ်။ ကျားကြီးဆွဲချိန် (ရေပြန်ဆင်းသော စက်တင်ဘာ၊
အောက်တိုဘာလ) ရောက်ရင်တော့ မပြောတတ်ဘူး။ တာဝန်ရှိသူတွေ ကူညီကြဖို့ပဲ မျှော်နေရတယ်"ဟု ကမ်းပြိုမှု တားဆီးကာကွယ်ရေး ကော်မတီဥက္ကဋ္ဌ ဦးသန်းဝင်းက ပြောကြားခဲ့သည်။

eleven media group

0 comments:

Post a Comment