18.6.13

၂ ရာခိုင်နှုန်း အခွန်စတင်ပြီးနောက် တန်ဆာခများ ဈေးကျ

မြန်မာနိုင်ငံ၏ လယ်ယာထွက်ကုန် သီးနှံမျိုးစုံ အဓိက နယ်စပ် ကုန်သွယ်ရေး စခန်းဖြစ်သည့် မူဆယ် ၁၀၅ မိုင် နယ်စပ် ကုန်သွယ်ရေးတွင် သွင်းကုန်၊ ပို့ကုန်များကို ၂ ရာခိုင်နှုန်း အခွန်ဆောင်သည့် အစီအစဉ် စတင် ပြီးနောက် ကုန်ပို့သူများ တွက်ခြေကိုက် မကိုက် စောင့်ကြည့် နေကြ၍ ကုန်နည်းပြီး ကားများနေသဖြင့် တန်ဆာခများ တစ်ပိဿာ ၂၅ ကျပ်ခန့် ပြုတ်ကျ သွားကြောင်း မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေး အခြေစိုက် လယ်ယာထွက်ကုန် သီးနှံ ရောင်းဝယ်ရေး လုပ်ငန်းရှင် တစ်ဦးကပြောကြားသည်။

လယ်ယာ ထွက်ကုန် သီးနှံ တစ်ပိဿာ ကားခ ၇၅ ကျပ်၊ ၇၆ ကျပ် ရှိရာမှ ယခု တစ်ပိဿာ ၅၀၊ ၅၅ ကျပ် ခန့်သာ ရှိတော့ကြောင်း၊ ၂ ရာခိုင်နှုန်း အခွန်ဆောင်လျှင် လက်ရှိ ပေါက်ဈေးနှင့် တွက်လျှင် ဆန်တစ်အိတ် ကျပ် ၄၀၀ ခန့်၊ ပြောင်းတစ်အိတ် ကျပ် ၃၀၀ ခန့် အခွန် ဆောင်ရ၍ ဝန်ထုပ်ဝန်ပိုး မဖြစ် သော်လည်း ယခင်က အကောက်ခွန် အရာရှိ အဆင့်ကိုသာ ဖြတ်သန်းပြီး ကားထွက်လို့ ရရာက ယခုအကောက်အခွန်၊ ဘဏ်နှင့် ပြည်တွင်း အခွန်တို့ အဆင့်ဆင့် ဖြတ်နေရကာ အချိန်ကြန့်ကြာမှု ဖြစ်ကြောင်း ၎င်းကဆက်လက် ရှင်းပြသည်။

၂ ရာခိုင်နှုန်း အခွန်ဆောင်လျှင် နယ်စပ် ဆန်တစ်တန် ပေါက်ဈေးနှင့် ဝယ်ရင်း ဈေး၊ ကားခ၊ အခွန် အပါ အဝင် ကုန်ကျ စရိတ်များ ထည့်သွင်း တွက်ချက် တင်ပို့နေကြပြီး လောလောဆယ် တရုတ်နိုင်ငံက ဝယ်အား ရှိနေ၍ ပြဿာနာ အခက်အခဲ ကြီးကြီးမားမား မရှိနိုင်ကြောင်း မန္တလေးမြို့ အခြေစိုက် ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ဇွန်လ ၁၄ ရက်နေ့က စတင်ပြီး ထုတ်ကုန်ကြေညာလွှာ မတင်မီ ၂ ရာခိုင်နှုန်းကို လည်းကောင်း၊ သွင်းကုန် ကြေညာလွှာ မတင်သွင်းမီ ၂ ရာခိုင်နှုန်းကို လည်းကောင်း အခွန်ပေးရန် စီးပွားရေး လုပ်ငန်းရှင် များကို ကုမ္ပဏီများဆိုင်ရာ အခွန်ရုံးက အသိပေး နှိုးဆော်ထားသည်။

The Voice Weekly

0 comments:

Post a Comment