18.6.13

မြန်မာနိုင်ငံတွင် လယ်ယာလုပ်ငန်း အာမခံပေါ်ပေါက်လာစေရန် ဂျပန်နိုင်ငံမှ နည်းပညာအကူအညီပေးမည်

မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းမှ ရှင်းလင်းပြောကြားနေသည်ကို ဇွန် ၁၇ ရက်က တွေ့ရစဉ်

မြန်မာနိုင်ငံတွင် လယ်ယာလုပ်ငန်း အာမခံစနစ် ပေါ်ပေါက်လာစေရန် ဂျပန်နိုင်ငံ၏ အာမခံ ကုမ္ပဏီဖြစ် သည့် Tokio Marine & Nichido Fire Insurance နှင့် ဂျပန်နိုင်ငံတို့မှ နည်းပညာအားဖြင့် အကူအညီ ပေး သွားမည်ဖြစ်ကြောင်း ဇွန် ၁၇ ရက်တွင် ပြုလုပ်သည့် လယ်ယာလုပ်ငန်း အာမခံဆိုင်ရာ အလုပ်ရုံဆွေးနွေး ပွဲမှ သိရသည်။

မြန်မာနိုင်ငံတွင် လယ်ယာလုပ်ငန်းဆိုင်ရာ အာမခံ ပေါ်ပေါက်လာစေရန်အတွက် အခြေခံကျသည့် အချက် များမှာ သုတေသန ပြုလုပ်ရန်နှင့် စာရင်းအချက်အလက် ကောက်ယူရန်အတွက် အခြေခံအဆောက်အအုံ များ လိုအပ်ပြီး တောင်သူလယ်သမားများ အနေဖြင့်လည်း လွယ်ကူစွာ ပါဝင်လာနိုင်မည့် ထိရောက်သည့် စနစ်လိုအပ်ကြောင်း၊ capacity မြှင့်တင်ရန်လိုအပ်ကြောင်း၊ အစိုးရ၏ ထောက်ပံ့မှုကိုလည်း လိုအပ်ကြောင်း ကိုလည်း Tokio Marine & Nichido Fire Insurance မှ Mr. Kit Yamamoto က ပြောသည်။

''မြန်မာနိုင်ငံအနေနဲ့ လယ်ယာလုပ်ငန်း အာမခံက မရှိမဖြစ် လိုအပ်ပါတယ်။ ဒါပေမဲ့ ဒီအာမခံစနစ် ပေါ်လာ ဖို့အတွက်က အချိန်လိုတယ်။ ပုဂ္ဂလိက အာမခံကုမ္ပဏီတွေအနေနဲ့ကလည်း ပေါ်ပေါက်လာတာ မကြာသေး တဲ့အတွက် အခြေကျဖို့လိုအပ်တယ်။ သူတို့အခြေကျပြီဆိုရင်တော့ ပူးပေါင်းဆောင်ရွက်သွားမှာပါ။ နိုင်ငံခြား မှာ လုပ်နေတဲ့ လယ်ယာလုပ်ငန်း အာမခံကို မြန်မာနိုင်ငံက အခြေအနေတွေ၊ ရာသီဥတု အခြေအနေတွေနဲ့ ကိုက်ညီအောင်လုပ်ပြီးမှ လုပ်လို့ရမှာပါ'' ဟု မြန်မာ့အာမခံလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်း က ဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ မစ္စတာဖူဂျီကာဝါကလည်း မြန်မာနိုင်ငံတွင် လယ်ယာလုပ်ငန်း အာမခံ ပေါ်ပေါက်လာစေရန် ဂျပန်နိုင်ငံ အနေနှင့် မည်သို့အကူအညီ ပေးမည်ဆိုသည့် မေးခွန်းနှင့် ပတ်သက်၍ ''မြန်မာနိုင်ငံမှာ အာမခံအမျိုးမျိုး ရှိတဲ့အနက်က မြန်မာအစိုးရက ဘယ်လိုအာမခံမျိုး လုပ်ချင် တာလဲ ဆိုတာကို ဂျပန်အစိုးရအနေနဲ့ ဘယ်လိုမျိုး ကူညီသွားမလဲဆိုတာ မူတည်ပါတယ်။ လယ်ယာလုပ် ငန်း အာမခံဆိုတာ အချိန်ယူပြီး ဆောင်ရွက်ရတာ ဖြစ်တဲ့အတွက် မြန်မာအစိုးရ၊ ဂျပန်အစိုးရ၊ Tokio Marine & Nichido Fire Insurance ရယ် မြန်မာ့အာမခံလုပ်ငန်းက တာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင် ရွက် သွားပါမယ်'' ဟု ယင်းက ဖြေကြားခဲ့သည်။

Eleven Media Group

0 comments:

Post a Comment