15.6.13

မြန်မာနိုင်ငံတွင် EIA ဆိုင်ရာ ခိုင်မာသည့် မူဝါဒ ပြဋ္ဌာန်းချက်များ မရှိ၍ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု စီမံကိန်းများကြောင့် ပတ်ဝန်းကျင် ထိခိုက်နေမှုများကို ထိန်းချုပ်ရန် ခက်ခဲနေ


ကြေးနီစီမံကိန်း လုပ်ငန်းခွင်တစ်နေရာအား ၂၀၁၃ ခုနှစ် မတ်လက တွေ့ရစဉ်။ (ဓာတ်ပုံ-ဟိန်းမင်းထက်)
 
မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စီမံကိန်း အများအပြား ၀င်ရောက်လာပြီ ဖြစ်သော်လည်း EIA (Environmental Impact Assessment) ဆိုင်ရာ ခိုင်မာသည့် မူဝါဒများ မရှိသဖြင့် လက်ရှိဆောင်ရွက်ဆဲ စီမံကိန်းများကြောင့် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ထိခိုက်နေမှုများကို စစ်ဆေး အရေးယူရန်နှင့် ထိန်းချုပ်ရန် ခက်ခဲနေကြောင်း သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ပညာရှင်များ က ထောက်ပြခဲ့ကြသည်။လက်ရှိကာလ၌ မြန်မာနိုင်ငံတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ ပြဋ္ဌာန်းပြီး ဖြစ် ကာ နည်းဥပဒေ ပြဋ္ဌာန်းရန်အတွက် ရေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။


''ပတ်ဝန်းကျင် ထိခိုက်မှုတွေကို ကြိုတင်ခန့်မှန်းခြင်းဆိုင်ရာ နည်းဥပဒေကို ပြဋ္ဌာန်းမှု မရှိသဖြင့် စီမံကိန်းများ ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေဟာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေထက် ပိုမိုဆိုးရွားတဲ့ အခြေအနေတွေ ကြုံတွေ့လာနိုင်ပါတယ်'' ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် ပါမောက္ခ ဦးညိုမောင်က ဆိုသည်။ ''နိုင်ငံတိုင်းလိုလို ပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေတွေကို ပြဋ္ဌာန်းထားတယ်။ အဲဒီအတိုင်းလည်း အတိအကျ လိုက်နာရတယ်။ ဒီ EIA ဆိုတာလည်း ပြဋ္ဌာန်းပြီးသားဖြစ်တဲ့ ပတ်ဝန်းကျင်ဆိုင်ရာဥပဒေထဲက နည်းဥပဒေ တစ်ခုပါ။ ဒါပေမဲ့ ဒီနည်းဥပဒေက မထွက်သေးပါဘူး။ အခုလုပ်နေတဲ့ စီမံကိန်းတွေက ပတ်ဝန်းကျင် ထိခိုက်မှုများတယ်။ ဒါတွေကို ပညာရှင်ရှုထောင့်ကပဲ မြင်တယ်။ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆိုတာ သာမန်မျက်စိနဲ့ မမြင်နိုင်ဘူး။ မြန်မာနိုင်ငံမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေကြောင့် ပတ်ဝန်းကျင် ထိခိုက်နေတာတွေကို ဘာနဲ့အရေးယူမှာလဲ။ ဥပဒေကတော့ ထွက်ပြီးပြီ။ ဥပဒေကို လိုက်နာမှုရှိမရှိ စစ်ဆေးကြပ်မတ် ဆောင်ရွက်မယ့် နည်းဥပဒေတွေ၊ အဖွဲ့အစည်း တွေ အရေးတကြီးလိုအပ်နေပါတယ်'' ဟု ဦးညိုမောင်က ဆက်လက် ပြောကြားသည်။

ရေရှည်တည်တံ့ ခိုင်မြဲသော ပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်အတွက် ပတ်ဝန်းကျင် စီမံခန့်ခွဲမှု (environmental management) ပြုလုပ်ရန် လိုအပ်ကြောင်း၊ လက်ရှိပတ်ဝန်းကျင် အခြေအနေမှန်ကို သိရှိမှသာ အနာဂတ်တွင် ဖြစ်ပေါ်လာမည့် ပတ်ဝန်းကျင်အခြေအနေကို ခန့်မှန်းနိုင်မည်ဖြစ်ကြောင်း၊ အလားတူ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုမှာလည်း စနစ်ကျ၍ ရေရှည်အကျိုး စီးပွား အတွက် ရည်ရွယ် ဆောင်ရွက်နိုင်ရန်မှာ ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းပေးရန် လိုအပ်ကြောင်းလည်း သိရသည်။

''လက်ပန်းတောင်းတောင် ကိစ္စမှာပဲ ကြည့်။ အရင်ဆုံး ပညာရှင်တွေနဲ့တိုင်ပင်ပြီးတော့ စီမံကိန်းရဲ့အကျိုးဆက်တွေ ကို ပြည်သူတွေ ကိုချပြပြီး အသိပေးသင့်တယ်။ ဒီလိုမလုပ်ခဲ့တော့ ဒီအကျိုးဆက်တွေကို ဒေသခံတွေ ခံစားနေရပြီ။ ကြေးစင်တောင်နဲ့ စံပယ်တောင် တို့လည်း ဒီဥပဒေတွေနဲ့သာ ထိန်းသိမ်းနိုင်ခဲ့ရင် ပျောက်ကွယ်သွားမှာမဟုတ်ပါဘူး။ ဒါတွေက EIA မရှိသေးလို့ လက်ရှိ ခံစားနေရ တဲ့ ပြဿနာတွေပဲ'' ဟု သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်တစ်ဦးက သုံးသပ် ပြောကြားခဲ့သည်။

Eleven Media Group

0 comments:

Post a Comment