15.6.13

မလေးရှားမှ ဒဏ်ရာရှိသည့် မြန်မာလူမျိုးများ ဧရာဝတီဖောင်ဒေးရှင်း၏ အကူအညီဖြင့် မြန်မာပြည် ပြန်မည်

မလေးရှားနိုင်ငံတွင် မကြာသေးမီက ဖြစ်ပွားခဲ့သော အဖြစ်အပျက်များကြောင့် ထိခိုက်ဒဏ်ရာရရှိ ခဲ့ကြသော မြန်မာနိုင်ငံသားများ သည် ဧရာဝတီဖောင်ဒေးရှင်း၏ အကူအညီဖြင့် မြန်မာနိုင်ငံသို့ ပြန်လာတော့မည်ဖြစ်သည်။
ဆာလာရန်းဈေး၌ ဓါးဖြင့်အထိုးခံခဲ့ရသော ကိုထွန်းမော်သိန်းကို လာမည့် (၁၇)ရက်နေ့တွင် MAIလေကြောင်းလိုင်းဖြင့် ဧရာဝတီဖောင်ဒေးရှင်း က မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ပေး မည်ဖြစ်ပြီး ဆာလာရန်းဈေးတွင်ပင် တိုက်ခိုက်ခံခဲ့ရသော ကိုကိုမောင် ကိုလည်း မြန်မာနိုင်ငံသို့ ပြန်လည်ပို့ပေးရန် စီစဉ်နေသည်။

ဧရာဝတီဖောင်ဒေးရှင်းမှ ဦးရဲမျိုးဟိန်းက "လာမယ့်(၁၇)ရက်နေ့ MAI လေကြောင်းလိုင်းနဲ့ မြန်မာပြည်ပြန်မယ့် (၂၂)ဦးကိုကျွန်တော် တို့ ပြန်ပို့ပေးပါမယ်။ ဒါပထမဆုံးအသုတ်ပါပဲ။ အဲဒီ(၂၂)ဦးမှာ ၁၇ ဦးကတော့ ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့ ဆာလာရန်း ဒေသကပါ။ သူတို့ ဆက်မနေရဲတော့ဘူး။ တချို့ဆို အခု ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းထဲကနေ အပြင်ကို အမှိုက်တောင် ထွက်မပစ်ရဲဘူး။ အဲဒီထဲက တစ်ယောက်ကတော့ ဓါးနဲ့ အထိုးခံခဲ့ရတဲ့သူပါ။ သူလည်း ပထမအသုတ်နဲ့ ပြန်ပါမယ်။ သူက စာရွက်စာတန်း အားလုံးပြည့်စုံတော့ ချက်ချင်း ပြန်လို့ရတယ်။ နောက်တစ်ယောက်ကတော့ ကိုကိုမောင်ပါ။ သူလည်းပြန်ဖို့ စီစဉ်နေတယ်။ သူကတော့ စာရွက်စာတန်း မပြည့်စုံလို့ ဆောင်ရွက်နေပါတယ်။ သူ့ကိစ္စနဲ့ ပတ်သတ်ပြီး နိုင်ငံခြားရေး ဒုဝန်ကြီးနဲ့ သံအမတ်ကြီးတို့နဲ့လည်း ညှိနှိုင်းဆောင် ရွက်နေပါတယ်။ သူတို့ကလည်း ကိုကိုမောင့်ကို စာရွက်စာတန်းတွေ အားလုံးထုတ်ပေးဖို့ စီစဉ်နေပါတယ်" ဟု ပြောကြားခဲ့သည်။

အဆိုပါဒဏ်ရာရှိသူနှစ်ဦးအား စာရွက်စာတန်း၊ လူဝင်မှုကြီးကြပ်ရေးကိစ္စမှစ၍ အမိမြေသို့ပြန်ရောက်သည်အထိ ဧရာဝတီ ဖောင်ဒေး ရှင်းမှ တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ရန်ကုန်လေဆိပ်သို့ ရောက်ရှိပါက လူနာများကို ဆေးရုံကားဖြင့် ချက်ချင်း ဆေးရုံ များ သို့ တင်ပို့ကာ လုံးဝ ကျန်းမာရေး ပြန်ကောင်းသည်အထိ တာဝန်ယူ ကုသပေးသွားမည်ဖြစ်သည်။ အဆိုပါ ဒဏ်ရာရရှိသူ နှစ်ဦး အပြင် အမိမြေသို့ ပြန်ချင်သည့် အခြားသော ဒဏ်ရာရရှိသူများကိုလည်း ဧရာဝတီဖောင်ဒေးရှင်း အနေဖြင့် တာဝန်ယူကာ စီစဉ် ဆောင်ရွက်ပေးလျက် ရှိနေသည်။

Ayeyarwady Foundation

0 comments:

Post a Comment