15.6.13

အာဆီယံ လူထုညီလာခံတွင် လူထု၏ အသံများကို လွတ်လပ်စွာ ဖော်ပြနိုင်ရန် အိမ်ရှင်အဖြစ် ဆောင်ရွက်မည့် မြန်မာအစိုးရနှင့် ညှိနှိုင်းဆောင်ရွက်မည်


မြန်မာလူထုညီလာခံလုပ်ငန်း အကြိုညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသူများအား တွေ့ရစဉ် (ဓာတ်ပုံ-အေးမြတ်မွန်)
 
အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အာဆီယံ လူထုညီလာခံတွင် အိမ်ရှင်အစိုးရဘက်မှ ဆွေးနွေးခွင့် မပြုသည့် ကန့်သတ်ချက်များ ရှိသောကြောင့် ၂၀၁၄ ခုနှစ်တွင် အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် မြန်မာနိုင်ငံတွင် ယင်းကဲ့သို့ မဖြစ်ပေါ်စေရန် လူထုအသံ များ ကို လွတ်လပ်စွာ ဖော်ပြနိုင်ရန်အတွက် အစိုးရနှင့် ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြန်မာလူထုညီလာခံ လုပ်ငန်း အဖွဲ့မှ ဆက်သွယ်ညှိနှိုင်းရေးမှူး ဦးကျော်လင်းဦးက ပြောကြားသည်။


'ကျွန်တော်တို့ တွေ့ကြုံလာခဲ့ရတဲ့ အခြေအနေတွေအရ အာဆီယံ လူထုညီလာခံတွေမှာ လွတ်လပ်စွာ ဆွေးနွေးခွင့် မရတာတွေကို ကြုံရတယ်။ ပြီးခဲ့တဲ့ အာဆီယံ ညီလာခံတွေမှာဆိုရင် အိမ်ရှင်အစိုးရတွေရဲ့ ပိတ်ပင်တာတွေ၊ ကန့်သတ်တာတွေရှိတယ်။ ၂၀၁၄ ခုနှစ် မှာ မြန်မာနိုင်ငံမှာ ကျင်းပမယ့် အာဆီယံလူထု ဖိုရမ်မှာတော့ လွတ်လပ်စွာဆွေးနွေးခွင့်ရအောင် အခုကတည်းက အစိုးရအဖွဲ့ များနဲ့ ညှိနှိုင်း ဆောင်ရွက်နေပါတယ်' ဟု ၎င်းက ဆိုသည်။ ကမ္ဘောဒီးယားတွင် ကျင်းပခဲ့သည့် အာဆီယံ လူထုဖိုရမ်တွင် မြေယာ သိမ်း ကိစ္စများ၊ ဘရူနိုင်းတွင် ကျင်းပခဲ့ရာတွင်လည်း လိင်တူချင်းဆိုင်ရာ ဆွေးနွေးသည့် ကိစ္စများ၊ ဗီယက်နမ်တွင် အစိုးရ မူဝါဒအရ အချို့သော ကိစ္စရပ်များကို အိမ်ရှင်အစိုးရဘက်မှ ကန့်သတ်ထားခဲ့ကြောင်း သိရသည်။

''ဒီညီလာခံမှာ အာဆီယံ ပြည်သူတွေက သူတို့ကြုံတွေ့နေရတဲ့ ဒုက္ခ၊ အခက်အခဲတွေကို လွတ်လပ်စွာ ဖွင့်ထုတ်နိုင်မယ့် နေရာဖြစ်အောင် အစိုးရဘက်ကနေ ထိန်းချုပ်မှု မရှိအောင် လုပ်ဖို့လိုအပ်ပါတယ်။ မြန်မာနိုင်ငံက ဒီမိုကရေစီနိုင်ငံကို ပြောင်းလဲ နေပြီလို့ အစိုးရက ကြေညာထားတယ်။ အပြောနဲ့အလုပ် လက်တွေ့ကျကျ ပြောတဲ့အတိုင်း လုပ်မယ်ဆိုရင်တော့ အာဆီယံ လူထုဖိုရမ်ဟာ လူထုတွေကို လွတ်လွတ်လပ်လပ် ပြောနိုင်အောင် ခွင့်ပြုသင့်ပါတယ်'' ဟု မြန်မာအရေး ပူးပေါင်းဆောင်ရွက် သူများအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဥမ္မာက ပြောကြားသည်။

ယင်းသို့ လူထုအသံများ လွတ်လပ်စွာ ဖော်ထုတ်နိုင်ရန်အတွက် လူမှုအဖွဲ့အစည်းများဆိုင်ရာ ကော်မတီကို ယခုနှစ် မေလအတွင်း က ဖွဲ့စည်းခဲ့ပြီး တစ်လတစ်ကြိမ် အစည်းအဝေးများ ပြုလုပ်လျက် ရှိကြောင်းလည်း သိရသည်။ ယင်းကော်မတီတွင် ပြည်ထဲရေး ၀န်ကြီးဌာန လက်အောက်မှ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့၊ မြန်မာနိုင်ငံ အမျိုးသမီး ရေးရာ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ နိုင်ငံခြားရေး ၀န်ကြီးဌာန၊ ပြန်ကြားရေး ၀န်ကြီးဌာန စသည့်အစိုးရ အဖွဲ့ အစည်းများ ပါဝင်သော အဖွဲ့များနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများ ပါဝင်ကြောင်း သိရသည်။ ၂၀၁၄ ခုနှစ်တွင် မြန်မာ နိုင်ငံက အာဆီယံဥက္ကဋ္ဌ ရာထူးကို ဆောင်ရွက်မည် ဖြစ်သောကြောင့် ယင်းမတိုင်မီတွင် မြန်မာ လူထုညီလာခံကို အမြို့မြို့ အနယ်နယ်တွင် အကြိုကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။


Eleven Media Group

0 comments:

Post a Comment