15.6.13

မန္တလေး မြနန်းစံကျော် ရွှေနန်းတော်အား တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ် ထားသော်လည်း အမျိုးသားဥယျာဉ် စီမံကိန်းလုပ်ငန်းများ စတင်နိုင်ခြင်း မရှိသေး

မန္တလေး မြနန်းစံကျော်ရွှေနန်းတော်အား တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ယဉ်ကျေးမှုဝန်ကြီးဌာန မှ လွှဲပြောင်းပေးအပ်ပြီး ဖြစ်သော်လည်း Historical Park (အမျိုးသားဥယျာဉ်စီမံကိန်း) ပြုလုပ် ရန် အတွက် လုပ်ငန်းစတင်ခြင်း မရှိသေးကြောင်း စုံစမ်းသိရှိရသည်။

မြနန်းစံကျော်ရွှေနန်းတော်၊ နန်းမြို့ရိုးနှင့် ကျုံးတို့အားယဉ်ကျေးမှုဝန်ကြီးဌာနမှ မန္တလေးတိုင်း   ဒေသကြီး အစိုးရအဖွဲ့သို့ ဇွန် ၇ ရက်က နေပြည်တော်တွင် လွှဲပြောင်းပေးအပ် လိုက်ခြင်း ဖြစ်သည်။ ''မြနန်းစံကျော် ရွှေ နန်းတော်ကို တိုင်းဒေသကြီး အစိုးရအား ယဉ်ကျေးမှု ၀န်ကြီးဌာနက လွှဲပြောင်းပေးလိုက်ပြီ ဖြစ်ပါတယ်။ နန်းတွင်းကို ၀င်ကြေးကောက်ခံမှုတွေနဲ့ Historical Park လုပ်ဖို့အတွက်က တိုင်းဒေသကြီးကပဲ ဆက်လက်လုပ်ဆောင် သွားမှာဖြစ် ပါတယ်'' ဟု ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ယင်းကဲ့သို့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းပြုပြင်ပြီး နိုင်ငံတကာအဆင့် မီ Historical Park ပြုလုပ်သွားရန်အတွက် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ၂၀၁၂ ခုနှစ် သြဂုတ်လ အတွင်းက တင်ဒါခေါ်ယူ ထားခဲ့သည်။ လက်ရှိအချိန်၌ မန္တလေးမြနန်းစံကျော် ရွှေနန်းတော် အား တိုင်းဒေသကြီးအစိုးရသို့ ယဉ်ကျေးမှု အမွေအနှစ်များအား တိုင်းဒေသကြီး အစိုးရ လက်အောက်တွင် ထားရှိထိမ်းသိမ်းနိုင်သည့် ဥပဒေပုဒ်မ ၁၈၈ အရ လွှဲပြောင်းပေးအပ် ထားခြင်းဖြစ်သော်လည်း ရှေးဟောင်း သုတေသနဌာနမှ ယာယီ ထိန်းသိမ်းမှုများ ပြု လုပ်နေကြောင်း သိရသည်။

မြနန်းစံကျော် ရွှေနန်းတော်အား နိုင်ငံတကာအဆင့်မီ Historical Park အဖြစ် လုပ်ဆောင်သွား ရန်အတွက် တင်ဒါခေါ်ယူထားရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ သားဖြစ်သူ ဦးတိုးနိုင်မန်းမှ ရရှိထားသည်ဟု ဧရာဝတီသတင်းဌာန၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြ ထားသော်လည်း လက်ရှိအချိန်၌ မည်သူ့ကိုမှ လုပ်ကိုင်ခွင့် ချထားပေးခြင်း မရှိသေးကြောင်း သိရသည်။ မြေဧကနှစ်မိုင်ပတ်လည် အကျယ်ရှိပြီး နှစ်သက်တမ်း ၁၅၄ နှစ်ရှိပြီဖြစ်သည့် မန္တလေးမြနန်းစံကျော်ရွှေနန်းတော် အတွင်း၌ မန္တလေးမြို့တည်နန်းတည် မင်းတုန်းမင်း တရားကြီး၏ အုတ်ဂူတော်နှင့် ဆွေတော်မျိုးတော်များ၏ အုတ်ဂူများ၊ ဒင်္ဂါးစက်ရုံ၊ တောင် -မြောက် ဥယျာဉ်တော်၊ မင်းညီမင်းသားများ ရေဆော့ကစားရာ နေရာဖြစ်သည့် ဘုတ်တလုတ် ကန်တော် တို့အား ပြုပြင်ထိန်းသိမ်းမှုများ ပြန်လည်ပြုလုပ်ရန် လိုအပ်နေသည်။

တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ချထားခွင့် ပြုပေးသွားမည်ဖြစ်သည့် အမျိုးသားဥယျာဉ် စီမံကိန်း အား ပုဂ္ဂလိက ကုမ္ပဏီတစ်ခုသို့ လွှဲပြောင်းပေးအပ်ပြီးပါက နန်းမြို့တွင်းသို့ ၀င်ရောက်လည် ပတ်ခွင့်နှင့် ၀င်ကြေးကောက်ခံသည့် အခြေအနေများကို စိတ်ဝင်စားသူများ ရှိနေကြသည်။

Eleven Media Group

0 comments:

Post a Comment