13.7.13

၂ဝ၁၃ ခုနှစ် ကမ္ဘာ့ တက္ကသိုလ်များ နွေရာသီ အိုလံပစ်ပြိုင်ပွဲ

၂ဝ၁၃ ခုနှစ် (၁၇)ကြိမ်မြောက် ကမ္ဘာ့ တက္ကသိုလ်များ နွေရာသီ အိုလံပစ် အားကစား ပြိုင်ပွဲကို ရုရှားနိုင်ငံ ကာဇန်မြို့၌ ဇူလိုင် ၆ ရက်မှ ၁၇ ရက်အထိ ကျင်းပလျက် ရှိနေပြီဖြစ်သည်။


အဆိုပါပြိုင်ပွဲကြီးသည် ကမ္ဘာပေါ်ရှိ အားကစား ပြိုင်ပွဲများတွင် ပြိုင်ပွဲဝင် အရေအတွက် ဒုတိယမြောက် အများဆုံး ပြိုင်ပွဲကြီးလည်း ဖြစ်သည်။ ကမ္ဘာ့နိုင်ငံပေါင်း ၁၆၂ နိုင်ငံမှ တက္ကသိုလ် အားကစားသမားပေါင်း ၁ဝ၄ဝဝ ကျော် ပါဝင်ကာ အားကစားနည်း ၂၇မျိုးကို ပါဝင်ယှဉ်ပြိုင်လျက် ရှိနေကြသည်။ ယခုနှစ် ပြိုင်ပွဲကြီးသည် ကမ္ဘာ့အိုလံပစ် တက္ကသိုလ် အားကစား ပြိုင်ပွဲ သမိုင်းတွင် အကြီးမားဆုံး ပြိုင်ပွဲကြီးလည်း ဖြစ်သည်။

ယဉ်ကျေးမှုဆိုင်ရာ ပွဲတော်များ၊ ပြပွဲများကိုလည်း အားကစား ပြိုင်ပွဲများ နှင့်အတူ တစ်ပြိုင်တည်း ကျင်းပလျက်ရှိသည်။ ယင်းပြိုင် ပွဲကြီးကို နိုင်ငံတကာ တက္ကသိုလ်များ အားကစား အဖွဲ့ချုပ်က စီစဉ် ကျင်းပခြင်းဖြစ်သည်။

အားကစား ပြိုင်ပွဲများအား ကာဇန်မြို့ရှိနယ် မြေလေးခုတွင် အားကစားကွင်းနှင့် ပြိုင်ပွဲရုံ ၆၄ခုတွင် ခွဲခြားပြီး ကျင်းပနေခြင်း ဖြစ်သည်။ ဇူလိုင် ၆ ရက်က ကာဇန်အရီနာ၌ ကျင်းပသည့် အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲကြီးကို ရုရှားသမ္မတ ဗလာဒီမာပူတင် ကိုယ်တိုင် တက်ရောက် ဖွင့်လှစ် ပေးခဲ့ သည်ကို တွေ့ရသည်။ ပြိုင်ပွဲကြီး မတိုင်မီ အထိမ်းအမှတ် မီးရှူး တိုင် သယ်ဆောင်ခြင်းကို ယခုနှစ် ဇန်နဝါရီလ ကစပြီး ရုရှားနိုင်ငံရှိ မြို့ကြီး ၃ဝကို ဖြတ်သန်း ဆောင်ရွက်ခဲ့သည်။ ထို့အပြင် ရုရှားနိုင်ငံသို့ မရောက်မီ တိုက်ကြီး ငါးတိုက်ရှိ မြို့ကြီးပေါင်း ၅၁မြို့ကိုလည်း လှည့်လည် ခဲ့သေးသည်။ မီးရှူးတိုင် လှည့်လည်မှုသည် ကီလိုမီတာ ၁ဝ၄ဝဝဝရှိခဲ့ပြီး သယ်ဆောင်သူ ၂ဝ၁၃ဦး ပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယခု ကျင်းပနေသည့် ၂ဝ၁၃ ကမ္ဘာ့ တက္ကသိုလ်များ အိုလံပစ်ပြိုင်ပွဲတွင် ဆုတံဆိပ်ပေါင်း ၃၅၁ ခုချီးမြှင့်မည်ဖြစ်သည်။ ပြိုင်ပွဲတွင် ရုရှား၊ ယူကရိန်း၊ အမေရိကန်၊ တရုတ်၊ ဂျပန် နှင့် ကိုရီးယားတို့သည် အင်အားအများဆုံး ပါဝင်ယှဉ်ပြိုင်သည့် နိုင်ငံများဖြစ်ကြသည်။ ဇူလိုင် ၉ ရက်အထိ အိမ်ရှင် ရုရှားနိုင်ငံက ရွှေ တံဆိပ် ၃၉ ခု၊ ငွေတံဆိပ် ၁၆ ခုနှင့် ကြေး တံဆိပ် ၂၂ ခု စုစုပေါင်းဆုတံဆိပ် ၇၇ ခုရရှိ ကာ ထိပ်ဆုံးက ဦးဆောင်လျက်ရှိသည်။ အာရှတိုက်မှ တောင်ကိုရီးယား၊ ဂျပန်နှင့် တရုတ်နိုင်ငံများသည် အဆင့် ၂၊ ၃ နှင့် ၅ နေရာ များတွင် ရောက်ရှိနေသည်။

အိုလံပစ်ပြိုင်ပွဲကြီး၏ ဆောင်ပုဒ်ကတော့ ''ကျွန်ုပ်တို့ဟာ ကမ္ဘာမြေဖြစ်တယ်၊ You Are The Worldဖြစ်သည်။ လူကြိုက် များသည့် ဘောလုံး ပြိုင်ပွဲများအား အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲ နှစ်ခုစလုံးကို ကျင်းပလျက် ရှိနေသည်။ အမျိုးသား ပြိုင်ပွဲမှာ ပြိုင်ပွဲဝင် ၁၅ သင်း ပါဝင်ပြီး အိမ်ရှင် ရုရှား၊ ဂျပန်၊ ဂရိတ်ဗြိတိန်နှင့် ဘရာဇီး နိုင်ငံတို့က အမျိုးသား ဘောလုံး ပြိုင်ပွဲတွင် ဗိုလ်စွဲရန် ရေပန်းစား နေကြသည်။ အမျိုးသမီး ပြိုင်ပွဲတွင် ၁၂သင်းပါဝင်ပြီး ဂျပန်၊ တရုတ်တိုင်ပေ၊ ဘရာဇီးနှင့် တောင်ကိုရီးယား အသင်းတို့ ဗိုလ်စွဲရန် ရေပန်း စား နေကြကြောင်း တစေ့ တစောင်း လေ့လာတင်ပြလိုက် ရပါသည်။

ဆောင်းပါးရှင်-ကျော်ဇင်ထွဋ်
မြ၀တီ

0 comments:

Post a Comment