13.7.13

ကျူးကျော် အိမ်ထောင်စု ၄၅၀ ကျော်ကို ပြောင်းရွှေ့စရိတ် ကျပ်နှစ်သိန်း စီ ထောက်ပံ့

ဝင်ငွေနည်းသူများအတွက် အရစ်ကျ ရောင်းချ ရန် ဆောင်ရွက်နေသည့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် ရတနာနှင့် ဧရာဝဏ် အိမ်ရာစီမံကိန်း နယ်မြေအတွင်းရှိ ကျူးကျော်နေ အိမ်ထောင်စု ၄၅၀ ကျော်ကို ယာယီ မြေနေ ရာသို့ ပြောင်းရွှေနိုင် ရန် ဇူလိုင်လ ၁၀ ရက်နေ့က အိမ်ထောင် တစ်စု လျှင် ကျပ်နှစ်သိန်းစီ ထောက်ပံ့ခဲ့ကြောင်း မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။


ကျူးကျော်နေထိုင်သူများ ယာယီ နေထိုင်နိုင်ရန် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် (၁၅၅) ရပ်ကွက်နှင့် (၁၃၈) ရပ်ကွက်တို့တွင် နေရာ ချထားပေးပြီး ဇူလိုင်လ ၁၈ ရက်နေ့ နောက်ဆုံးထား ပြောင်းရွှေ့ပေးရန် ညွှန်ကြား ထားကြောင်း အဆိုပါဌာန မြေခွန်၊ မြေတိုင်းဌာနခွဲမှထံမှ သိရှိရသည်။

နေထိုင်သူများဘက်မှ ပြောင်းရွှေ့ချိန် စရိတ်နှင့် ပြောင်းရွှေ့ပြီးပါက စား ဝတ်နေရေး အဆင်ပြေစေရန် ကျပ်နှစ်သိန်းကို တောင်းခံခဲ့ရာ ဌာနကလည်း လိုက်လျောကာ ထောက်ပံ့ခြင်းဖြစ်ကြောင်း ယင်းနေထိုင်သူ များထဲမှ ရပ်မိ ရပ်ဖ ဦးဝင်းလှိုင်က ပြောကြားသည်။

အဆိုပါ အိမ်ထောင်စုများက ဇူလိုင်လ ၁၀ ရက်နေ့တွင် ထောက်ပံ့စရိတ် ရရှိချိန်မှ စတင်ကာ ယာယီ ပြောင်းရွှေ့ရန် သတ်မှတ်ထားသည့် နေရာ သို့ ပြောင်းရွှေ့လျက်ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ဝင်ငွေနည်းသူများ အရစ်ကျ ဝယ်ယူနိုင်ရန် ရတနာနှင့် ဧရာဝဏ် အိမ်ရာ စီမံကိန်းကို ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် (၆၁) ရပ်ကွက်နှင့် (၆၇) ရပ် ကွက်အတွင်းရှိ မြေဧက ၂၂၀ ကျော်တွင် ၁၈ ထပ် အဆောက်အအုံ ၄၈ လုံး၊ အခန်းပေါင်း ၃၄,၂၇၂ ခန်းကို ကုမ္ပဏီပေါင်း ၂၀ ကျော်ဖြင့် ဆောက်လုပ် မည်ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနက ထုတ်ပြန် ကြေ ညာခဲ့သည်။

The Voice Weekly

0 comments:

Post a Comment