20.8.13

ရွှေဘိုတွင် ယာဉ်မောင်းလိုင်စင် ပြုလုပ်သူ သုံးဆခန့် မြင့်တက်

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း တင်းကျပ်လျက် ရှိခြင်းကြောင့် သြဂုတ်လမှ စတင်ကာ ယာဉ်မောင်း လိုင်စင် ပြုလုပ်သူ သုံးဆခန့် မြင့်တက်လာကြောင်း ရွှေဘိုခရိုင် ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ခရိုင် ဦးစီးမှူး ဦးဗိုလ်ဝင်းက ပြောကြား သည်။


စစ်ကိုင်းတိုင်းဒေသကြီးတွင် ရွှေဘို ခရိုင်သည် ယာဉ်တိုက်မှု ဒုတိယ အများဆုံးခရိုင် ဖြစ်၍ သြဂုတ် လဆန်းပိုင်းခန့်က စတင်၍ ယာဉ်စည်းကမ်း တင်းကျပ်လျက် ရှိသည်။

ယင်းသို့ ယာဉ်စည်းကမ်း တင်းကျပ်လိုက်ခြင်းနှင့် ရွှေဘို ဧရာဝတီ မြစ်ကူး တံတား ဖွင့်လှစ်လိုက်ခြင်း တို့ကြောင့် ရွှေဘို ခရိုင်၏ ယာဉ်မောင်း လိုင်စင် ပြုလုပ်မှု သိသိသာသာ မြင့်တက် လာခြင်း ဖြစ်ကြောင်း ရွှေဘို ဒေသခံများက ပြောကြားသည်။

ပြီခဲ့သည့် ဇူလိုင်လမတိုင်ခင် အချိန်ထိ ယာဉ်မောင်းလိုင်စင် ပြုလုပ်မှုသည် တစ်လလျှင် လိုင်စင် ၁၀၀ ခန့်သာ လုပ်ဆောင်မှု ရှိခဲ့ရာမှ ရွှေဘို ဧရာဝတီ မြစ်ကူးတံတား ဖွင့်လှစ်ခဲ့ပြီး နောက်ပိုင်း သြဂုတ် လဆန်းပိုင်းခန့်မှ စတင်၍ သီတင်း တစ်ပတ်လျှင် လိုင်စင် ၁၀၀ ခန့်ထိ မြင့်တက်လာခြင်း ဖြစ် ပြီး ပွင့်လင်းရာသီ သီးနှံပေါ်ချိန်များတွင် ယင်းပမာဏထက် မြင့်တက် လာနိုင်ခြေ ရှိသည်ဟု ဦးဗိုလ်ဝင်းက သုံးသပ်သည်။

အပတ်စဉ် တနင်္လာ၊ အင်္ဂါနှင့် ဗုဒ္ဓဟူးနေ့တို့တွင် ယာဉ်စည်းကမ်း လမ်း စည်းကမ်း သင်တန်း ပို့ချပေးပြီး ကြာသပတေးနေ့၌ ယာဉ်မောင်း စစ်ဆေး၍ ဥပဒေပိုင်းဆိုင်ရာ ပညာပေးကာ ယာဉ်မောင်း လိုင်စင်များ ပြုလုပ်ပေးလျက် ရှိရာ သတင်း တစ်ပတ်လျှင် ယာဉ်မောင်း လိုင်စင် ပြုလုပ်သူ ၁၀၀ ဦးခန့် ရှိကြောင်း ခရိုင် ဦးစီးမှူး ဦးဗိုလ်ဝင်းက ပြောကြားသည်။

လက်ရှိ ရွှေဘိုခရိုင်တွင် ဆိုင်ကယ် စီးနင်းခွင့် လိုင်စင် ၉၃,၄၀၀ ခု ခန့်နှင့် မော်တော်ယာဉ် မောင်းနှင်ခွင့် လိုင်စင် ၃၂၅၁ ခုခန့် ချပေးပြီး ဖြစ်ကြောင်း ရွှေဘို ခရိုင် ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန စာရင်းများအရ သိရှိရသည်။

The Voice Weekly

0 comments:

Post a Comment