20.8.13

မန္တလေးတိုင်းအတွက် တန်ဖိုးနည်းဖုန်း ဆင်းကတ် ခွဲတမ်း တစ်သောင်းကျော်ခန့် လျော့နည်း

မန္တလေးတိုင်းဒေသကြီးတွင် ပဉ္စမအကြိမ်အဖြစ် သြဂုတ်လ ၂၃ ရက်နေ့ ၌ ရောင်းချရန် ၁၅၀၀ တန် ဖုန်းဆင်းကတ် ခွဲတမ်း ၄၇၂၀၀ ခန့် ရရှိပြီး ပြီးခဲ့သည့်လထက် ဆင်းကတ် ၁၁၀၀၀ ကျော်ခန့် လျော့နည်းကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စာရင်းများအရ သိရသည်။


သြဂုတ်လအတွက် တစ်နိုင်ငံလုံးတွင် တန်ဖိုးနည်း ဆင်းကတ် ၃၆၀၀၀၀ ခန့် ရောင်းချပေးမည် ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးအတွက် ရောင်းချမည့် ဖုန်းဆင်းကတ် အရေအတွက်မှာ စီဒီအမ်အေ ဆင်းကတ် ၁၇,၂၀၀ နှင့် ဂျီအက်စ်အမ်မ် ဆင်းကတ် ၃၀,၀၀၀ ခန့် ဖြစ်ကြောင်း အဆိုပါ စာရင်းများအရ သိရသည်။

မန္တလေးတိုင်းဒေသကြီးတွင် ဂျီအက်စ်အမ်မ် ဆင်းကတ် ခွဲတမ်းများကို မြို့နယ် ၂၈ မြို့နယ်တွင် ရောင်းချပေးမည် ဖြစ်ပြီး စီဒီအမ်အေ ဆင်းကတ် များကို အနည်းဆုံး ၁၉ မြို့နယ်တွင် ခွဲတမ်းချ ရောင်းချပေးမည် ဖြစ်ကြောင်း အဆိုပါ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးကျော်ဆန်းက ပြောကြားသည်။

“အရင်လက ပြင်ဦးလွင်တို့ စဥ့်ကိုင်တို့ကို ခွဲတမ်း တိုးချပေးထားတာ။ ဒီလတော့ ကျန်တဲ့ ခွဲတမ်းနည်း တဲ့ မြို့နယ်တွေကို ပိုချပြီး ရောင်းပေးမှာပါ” ဟု ၎င်းက ဆိုသည်။

မန္တလေးတိုင်းဒေသကြီးတွင် ၁၅၀၀ တန် ဆင်းကတ်များကို အိမ်ထောင်စုလိုက် ကြိုတင် မဲနှိုက်ထားပြီး ပေါက်မဲ နံပါတ်စဉ်အလိုက် ခွဲတမ်း အရေအတွက်နှင့်အညီ ရောင်းချပေးမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

၁၅၀၀ တန် ဂျီအက်စ်အမ် ဖုန်းကတ်များမှာ ပြင်ပ ပေါက်ဈေး ၁၅၀,၀၀ ကျပ် အထိ ရှိနေပြီး စီဒီအမ်အေ ဆင်းကတ်များမှာ ကျပ်တစ်သိန်း ဝန်းကျင် ပေါက်ဈေးရှိကြောင်း မန္တလေးမြို့တော် ဖုန်းရောင်းဝယ်ရေး ဈေးကွက်အတွင်းမှ သိရသည်။

တန်ဖိုးနည်း စီဒီအမ်အေ ဆင်းကတ် မဲပေါက်သည့် အိမ်ထောင်စုများသာ ဆင်းကတ် ပြန်ရောင်းလေ့ ရှိပြီး ဂျီအက်စ်အမ်မှာမူ ဈေးကွက် သို့ ပြန်လည် ရောင်းချမှု နည်းကြောင်း ၁၅၀၀ တန် ဆင်းကတ် ရောင်းချပေး သည့် အောင်မြေသာစံမြို့နယ် ရပ်ကွက်ရုံး တစ်ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြား သည်။

မန္တလေးတိုင်းဒေသကြီးတွင် လေးကြိမ်မြောက်အထိ ၁၅၀၀ ဆင်းကတ် ၂၆၀,၀၀၀ ကျော် ရောင်းချပြီး ဖြစ်သည်။

The Voice Weekly

0 comments:

Post a Comment