20.8.13

ရွန်နီကို တတိယအကြိမ် ချဉ်းကပ် ကမ်းလှမ်းလာဖွယ် ရှိနေသည့် မော်ရင်ဟို

ချယ်လ်ဆီး အသင်း မန်နေဂျာ ဟိုဆေး မော်ရင်ဟိုသည် မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ဝိန်းရွန်နီကို တတိယ အကြိမ်မြောက် ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ရန် စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်လာသည်။

ပေါ်တူဂီသား မန်နေဂျာသည် ယူနိုက်တက်၏ အင်္ဂလန် လက်ရွေးစင် ကစားသမားကို

အဓိက နွေရာသီ ပစ်မှတ်အဖြစ် လျာထားကြောင်း လူသိရှင်ကြား ပြောဆိုထားသူ ဖြစ်သည်။ ချယ်လ်ဆီးသည် အင်္ဂလန် ချန်ပီယံ အသင်းထံသို့ ပေါင်စတာလင် သန်း(၂၀)နှင့် သန်း(၃၀)ကြား တန်ကြေးရှိမည့် ကမ်းလှမ်းမှု (၂)ကြိမ်ကို ပြုလုပ်ထားပြီး ဖြစ်သည်ဟု ယုံကြည်ရပြီး ယူနိုက်တက်က အတိအလင်း ပယ်ချထားသည်။ ယူနိုက်တက် မန်နေဂျာ ဒေးဗစ်မိုယက်စ်က မိမိတို့သည် ရွန်နီကို လုံးဝ မရောင်းနိုင်ဟု ပြောကြားထားသည်။

သို့သော်လည်း တိုက်စစ်တွင် အပြောင်းအလဲများ ပြုလုပ်ရန် လိုလားနေသည့် မော်ရင်ဟိုကမူ ရွန်နီအတွက် နောက်ထပ် ကြိုးစားမှု ပြုလုပ်ရန် စဉ်းစားနေဆဲ ဖြစ်သည်။ "နယူးကာဆယ်လ် ယူနိုက်တက် မန်နေဂျာ အလန်ပါဂျူးက ဘောလုံးရာသီ မစခင် ဈေးကွက် ပိတ်သင့်တယ်လို့ ပြောတယ်။ ဒါကို ကျွန်တော်လည်း သဘောတူပါတယ်။ ဘောလုံးရာသီစပြီး (၃)ပွဲ၊ (၄)ပွဲလောက် ကစားထားချိန်မှာမှ ဈေးကွက်ပိတ်တဲ့အခါ အပြောင်းအလဲတွေ ဖြစ်နိုင်တယ်လေ။ တစ်ဖက်က ကြည့်ရင်တော့ ကျွန်တော်တို့ လိုလားနေတဲ့ ကစားသမားကို ခေါ်ယူနိုင်ဖို့ အခွင့်အရေး ဆက်ရှိနေတာပဲပေါ့။ ဒီကြားထဲမှာ ကျွန်တော်တို့ ကစားရတဲ့ ပွဲစဉ်တွေ ရှုံးရှုံးနိုင်နိုင်၊ နောက်ဆုံးအခွင့်အရေး ရှိချိန်ထိ ကိုယ်လိုချင်တဲ့ ကစားသမားကို ချိတ်ဆက်ခွင့် ရနေမှာပါပဲ" ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။


၎င်းက "လက်ရှိ အသင်းဟာ အနာဂတ်ကို ရည်ရွယ်ထားတာပါ။ အသင်းရဲ့ စုဖွဲ့မှုက ငယ်ရွယ်နုနယ်နေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အနေနဲ့ အသင်းအတွ် အနည်းဆုံး ကစားသမားသစ် တစ်ယောက်လောက် ခေါ်ယူနိုင်ရန် ပိုပြီး တိုးတက်ဖြစ်ထွန်းလာမယ် ဆိုတာကို သိနေပါတယ်။ ဒါကြောင့် အဆုံးတစ်နေ့ထိ ကျွန်တော်တို့ ဆက်ကြိုးစားနေမှာပါပဲ"ဟုလည်း ဖွင့်ဟသွားသည်။

soccermyanmar

0 comments:

Post a Comment