7.8.13

ဟာဝိုင်ယီတွင် ငါးမန်းတိုက်ခိုက်မှုများ မကြာခဏဖြစ်ပေါ်

မာအီကျွန်းသည် ဟာဝိုင်ယီ ကျွန်းစုများအနက် ဒုတိယ အကြီးဆုံး ကျွန်းလည်းဖြစ်ပြီး လှပသော အပန်းဖြေ ကမ်းခြေများ တည်ရှိနေ

ဟာဝိုင်ယီ ကျွန်းစုဒေသတွင် ငါးမန်းတိုက်ခိုက်မှုများ ခပ်စိပ်စိပ် ဖြစ်ပေ နေခြင်းကြောင့် ဒေသဆိုင်ရာ အာဏာပိုင်များ အနေဖြင့် အခြေအနေကို စိုးရိမ်တကြီး သုံးသပ်လျှက် ရှိနေသည်။

မာအီကျွန်းသည် ဟာဝိုင်ယီ ကျွန်းစုများအနက် ဒုတိယ အကြီးဆုံး ကျွန်းလည်းဖြစ်ပြီး လှပသော အပန်းဖြေ ကမ်းခြေများ တည်ရှိနေသည်။ သို့သော်လည်း (၄)ရက်အတွင်း အဆိုပါ ကျွန်းရှိ ကမ်းခြေများတွင် ငါးမန်းတိုက်ခိုက်မှု (၂)ကြိမ် ပေါ်ပေါက်လာခြင်းကြောင့် ကမ်းခြေ လုံခြုံရေးအတွက် တာဝန်ရှိသူများ ခေါင်းစားနေရခြင်း ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်က ဖြစ်စဉ်တွင် အသက်(၅၆)နှစ်ရှိ အီဗိုနီ ကက်ရှ်မန်းသည် နံနက် အစောပိုင်း ရေကူးနေစဉ် ငါးမန်းတစ်ကောင် တိုက်ခိုက်မှုနှင့် ကြုံခဲ့ရသည်။ ၎င်း၏ ရင်ဘတ် အထက်ပိုင်း အသားလွှာ အများစုသည် အဏ္ဏဝါမုဆိုး သားစား သတ္တဝါကြီး၏ သွားစွယ်များနှင့်အတူ ပါသွားခဲ့သည်။ ကယ်လီဖိုးနီးယားမှ လာရောက် အပန်းဖြေနေသော အဆိုပါ အမျိုးသမီးသည် ကမ်းခြေမှ ပေ(၃၀)မျှ အကွာတွင် ရေ ကူးနေခြင်း ဖြစ်သည်။

သူမက မိမိကို ငါးမန်းက ဝင်ဆောင့်လိုက်သည်ကို ခံစားမိခဲ့ကြောင်း ဆိုသည်။ ကျွန်မ လက်တွေကို မျက်နှာရှေ့မှာ ကွယ်ထား လိုက်မိတယ်။ ကျွန်မရဲ့ ခေါင်းကတော့ ရေပေါ် ပေါ်နေတယ်လို့ ထင်တယ်။ တိတိကျကျတော့ ဘာကိုမှ မမှတ်မိနိုင်ဘူး။ ဖြစ်သွားတာ အရမ်းမြန်တယ်လေ။ ငါးမန်းကျွန်မဆီ ဝင်လာတာကို မမြင်လိုက်ဘူး။ ပြီးတော့ ဘယ်လို ပြန်ထွက်သွားတယ် ဆိုတာလည်း မသိဘူး။ ကျွန်မကို ခပ်ပြင်းပြင်း ဝင်ဆောင့်ပြီး အားနဲ့ ကိုက်သွားတာတော့ သိလိုက်တယ်။ နောက်တော့ကမ်းခြေကို မြန်နိုင်သမျှမြန်မြန် ပြန်ရောက်အောင် ကျွန်မ ရေကူးပြေးလာတယ်ဟု အီဗိုနီက သူမ၏ ခြောက်ခြားစရာ အတွေ့အကြုံအကြောင်း ပြောကြားခဲ့သည်။

အတန်ငယ် နောက်ကျိနေသော ရေထဲတွင် မြင်ကွင်း မရှင်းလင်း ဘဲ ဖြစ်နေသလို နေ့အလင်းရောင် အပြည့်အဝ မထွက်ပေါ်သေးခြင်းကြောင့် ငါး မန်းကို မမြင်ရခြင်း ဖြစ်နိုင်ကြောင်း အီဗီုနီက ဆိုသည်။ သူမ ရေကူးနေသော နေရာသည် အနက်(၁၀)ပေမျှသာ ရှိသည်။ ကိုက်သွားတာ တကယ်ကြမ်းတယ်။ ကျွန်မကို ကိုက်ပြီး ပြန်လွှတ်လိုက်တာ တော်ပါသေးတယ်။ ကျွန်မ ရေစကူးတယ်။ မြန်နိုင်သမျှမြန်မြန် ကမ်းခြေဆီ ပြန်ကူးတယ်။ ပြီးတော့ ကယ်ကြပါဦးလို့ အားကုန် အော်နေခဲ့မိတယ်"ဟုလည်း အီဗိုနီက ဖွင့်ဟခဲ့သည်။

ဆရာဝန်များက (၁၅)လက်မမျှ ရှည်လျားသော ကိုက်ရာကြီး ဖြစ်ပေါ်စေ သည့် ငါးမန်းသည် (၂၅)ပေမျှထိ ရှည်လျားသော အကောင်ကြီး ဖြစ်နိုင်ကြောင်း ခန့်မှန်းခဲ့သည်။ အီဗိုနီ အနေဖြင့် အသက်မသေခဲ့သည်မှာ ကံထူးလှသည့် သဘောဖြစ်သည်။ ဇူလိုင် လကုန်ပိုင်းကလည်း အသက်(၁၉)နှစ်ရှိ ကီအိုဝါ ဂါတီဝုဒ်သည် ဟာဝိုင်ယီရှိ အခြားကမ်းခြေ တစ်ခုတွင် လှိုင်းစီးဘုတ်ပြားပေါ် ထိုင်နေရင်း ငါးမန်းကိုက် ခံလိုက်ရသေးသည်။ ငါးမန်းကိုက်ပြီ ဆိုတာ သိလိုက်တာနဲ့ ကျွန်တော့် ဘယ်လက်နဲ့ ရမ်းသမ်း ရိုက်လိုက်မိတယ်။ အဲဒါနဲ့ ငါးမန်းက ကျွန်တော့်ကို လွှတ်ပေးပြီး ရေကူးထွက်ပြေးသွားတယ်ဟု ကီအိုဝါက ဆိုသည်။

၎င်းသည် ဒူးတွင် ခွဲစိတ်ကုသမှု ခံယူခဲ့ရသော်လည်း ယခုအခါ ဒဏ်ရာ သက်သာလာပြီ ဖြစ်သည်။ ပြီးခဲ့သည့် နှစ်အတွင်းက မာအီကျွန်း အနီးတဝိုက်တွင် ငါးမန်းတိုက်ခိုက်မှု (၉)ကြိမ် ဖြစ်ပေါ်ခဲ့သည်။ ငါးမန်းဆိုင်ရာ ကျွမ်းကျင် ပညာရှင် တစ်ဦးဖြစ်သူ ဂရက်ခ် စကိုမဲလ်က ငါးမန်းတွေ ကမ်းခြေနားထိ ကပ်လာတယ် ဆိုတာက သူတို့ရဲ့ စားကျက်မြေ အလေ့အထ ပြောင်းလဲလာတာကို ညွှန်ပြနေပါတယ်။ မက်ဆာချူးဆက်မှာဆိုရင် ဖျံတွေကိုဖမ်းဖို့ ငါးမန်းဖြူကြီးတွေ ရေတိမ်ပိုင်း ကမ်းခြေနားထိ နီးနီးကပ်ကပ် ရောက်လာတတ်တယ်။ လူတွေက ကမ်းပေါ်ကနေ သူတို့ကို မြင်ခဲ့ကြပါတယ်ဟု သုံးသပ်ခဲ့သည်။ အမေရိကန် နိုင်ငံတစ်ဝှမ်းတွင် (၂၀၁၂)ခုနှစ်အတွင်း ငါးမန်းကိုက်မှု (၅၃)ကြိမ် ဖြစ်ပေါ်ခဲ့ပြီး ပညာရှင်များက ငါးမန်းများ ကမ်းခြေနှင့် ပိုမိုနီးကပ်စွာ ကျက်စားလာခြင်းက ရေကူးသူ၊ ရေလှိုင်းစီးသူများအတွက် ပိုမို အန္တရာယ် များလာစေမည်ကို စိုးရိမ်ပူပင်လျှက်ရှိသည်။

Planet Myanmar Network

0 comments:

Post a Comment