15.8.13

မသန်စွမ်းသူများ အစွမ်းပြိုင် ကြမည့်ပွဲနှင့် သူတို့ရင်တွင်း သန္နိဋ္ဌာန်များ

(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကြီးကို ၂ဝ၁၃ခုနှစ် ဒီဇင်ဘာ ၁၁ရက်မှ ၂၂ရက်အထိ မြန်မာနိုင်ငံ အနေဖြင့် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည်ဖြစ် သကဲ့သို့ (၇)ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစား ပြိုင်ပွဲ ကိုလည်း အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပပြီး

ရက်သတ္တ သုံးပတ်အကွာ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၁၁ရက်မှ ၂ဝ ရက်အထိ အိမ်ရှင်အဖြစ် ပထမဆုံး အကြိမ် လက်ခံ ကျင်းပသွားမည်ဖြစ်သည်။

(၇)ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲကို အားကစားနည်း ၁၂နည်းဖြင့် နေပြည်တော်တွင် ကျင်းပသွား မည်ဖြစ်သည်။

အာရှဒေသတွင်း မသန်စွမ်း အားကစား ပြိုင်ပွဲများကို အရှေ့ဖျားနှင့် တောင်ပစိဖိတ်နိုင်ငံများ မသန်စွမ်း အားကစား ပြိုင်ပွဲအဖြစ် ၁၉၇၄ခုနှစ်မှစတင်၍ လေးနှစ်လျှင် တစ်ကြိမ် ကျင်းပခဲ့သည်။ အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံများသည် အရှေ့ဖျားနှင့် တောင်ပစိဖိတ် နိုင်ငံများ မသန်စွမ်း အားကစားပြိုင်ပွဲအား လေးနှစ်လျှင် တစ်ကြိမ်သာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရသဖြင့် ကမ္ဘာ့အဆင့် ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရန် အလှမ်းဝေးခဲ့ရသည်။

သို့ဖြစ်၍ အာဆီယံ ဒေသတွင်းရှိ မသန်စွမ်းသူများ အားကစားအဆင့် အတန်း တိုးတက်စေရေး၊ ဒေသတွင်း ချစ်ကြည် ရင်းနှီးမှု တိုးတက်မြှင့်တင် စေရေး တို့ကို ရည်ရွယ်၍ ၂ဝဝ၁ ခုနှစ်မှစတင်ကာ အာဆီယံ မသန်စွမ်းသူများ အားကစား အဖွဲ့ချုပ် (APSF)ကို ဖွဲ့စည်းခဲ့သည်။ ယင်းနှစ်မှာပင် ပထမ အကြိမ် အာဆီယံ မသန်စွမ်း အားကစား ပြိုင်ပွဲကို ဆက် လက် ကျင်းပခဲ့ရာ ယခုဆို (၇)ကြိမ်မြောက် ခရီးရောက် ခဲ့ပြီ ဖြစ်သည်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၇)ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစား ပြိုင်ပွဲကို အား ကစားသမား ၃ဝဝဝ ကျော်ခန့်က အားကစားနည်း ၁၂မျိုးကို ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ပြီး မြားပစ်၊ ပြေးခုန်ပစ်၊ ဘောစီယာ၊ စစ်တုရင်၊ ဘောလုံးတစ် ဖက် ငါးယောက်၊ ဘောလုံး တစ်ဖက် ခုနစ်ယောက်၊ ဂိုးလ်ဘော၊ အလေးမ၊ ရေကူး၊ စားပွဲတင် တင်းနစ်၊ ထိုင်လျက် ဘော်လီဘော၊ ဘီးတပ် ဘတ်စကက် ဘောပြိုင်ပွဲများကို ထည့်သွင်းကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ (၇)ကြိမ်မြောက် အာဆီယံ မသန်စွမ်းပြိုင်ပွဲ ကျင်းပရန် ငါးလခန့်သာ လိုတော့သည် ဖြစ်၍ အားကစား အဖွဲ့ ချုပ်အလိုက် အောင်မြင်မှုရရှိရေးအတွက် အပြင်းအထန် လေ့ကျင့်လျက် ရှိကြသည်။

''ပွဲမဝင်ခင် အပြင်ကကျင်းပ'' ဆိုသည့်အတိုင်း (၇)ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစား ပြိုင်ပွဲ အကြိုတံခွန် စိုက်ဖလား ပြိုင်ပွဲကို နေပြည်တော်တွင် ဇူလိုင် ၂၁ ရက်မှ ၂၃ ရက်အထိ အားကစားနည်း ခြောက်မျိုးဖြင့် ကျင်းပနိုင် ခဲ့ခြင်းသည် မသန်စွမ်း အားကစား သမားများကို အားသစ် လောင်းပေး နိုင်ခဲ့ခြင်းပင်ဖြစ်သည်။ အဆိုပါ အကြို တံခွန်စိုက် ပြိုင်ပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနမှ အားကစား မောင်၊ မယ် ၂၇ဦးတို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ် ၁၈ ခု၊ ငွေ တံဆိပ် ၁၇ ခုနှင့် ကြေးတံဆိပ် ၁၁ ခု အပါအဝင် စုစုပေါင်း ဆုတံဆိပ် ၄၆ ခုဖြင့် တတိယ ရရှိခဲ့ကြောင်း သိရသည်။

ဂုဏ်ပြုထိုက်သူများအာ ချီးမြှင့်ခြင်းသည် မင်္ဂလာမည်၏ ဆိုသည့်အတိုင်း ယင်းပြိုင်ပွဲတွင် ထူးချွန်စွာ ဆုတံဆိပ်များ ရရှိအောင် ယှဉ်ပြိုင်ခဲ့သော အောင်ပွဲရ အားကစားသမားများ ဂုဏ်ပြုပွဲကို ယနေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနရုံး၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင် တက်ရောက် အားပေး ဆုချီးမြှင့်ခဲ့သည်။

ဂုဏ်ပြုပွဲအပြီးတွင် အားကစားသမားများကို သိလိုသည်များ မေးမြန်းခဲ့ရာ ''ကျွန်တော်က လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီး ဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ ကျိုက်ဝိုင်း လူငယ် သင်တန်းကျောင်းမှ ဦးမြခိုင် ဖြစ်ပါတယ်။ ကျွန်တော်က (၇)ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ အကြိုတံခွန်စိုက်ဖလာ ပြိုင်ပွဲမှာ ရေကူး ပြိုင်ပွဲသုံးပွဲ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။ ရင်ပေါင်တန်းကူး ပြိုင်ပွဲမှာ ရွှေတံဆိပ်၊ အလွတ်ကူး မီတာ ၅ဝမှာ ရွှေတံဆိပ်နဲ့ ပက်လက်ကူး မီတာ ၅ဝမှာ ငွေတံဆိပ် စုစုပေါင်း ဆုတံဆိပ် သုံးခုရခဲ့ပါတယ်။ လာမယ့်(၇)ကြိမ်မြောက် မသန်စွမ်း အားကစား ပြိုင်ပွဲအတွက် ဇန်နဝါရီ ၂ဝရက်မှစပြီး မြောက်ဒဂုံရှိ နိုင်ငံတကာ ရေကူးကန်မှာ လေ့ကျင့် နေပါတယ်။ ပြိုင်ပွဲအတွက် အထူးကြိုးစား လေ့ကျင့် နေပါတယ်။ ဆုတံဆိပ်တွေကို ရအောင် ယူမှာပါ'' ဟုပြောသည်။

စစ်တုရင် ရွှေတံဆိပ်ဆုရှင် မနန်းနီလာခိုင်ကလည်း ''သမီးက ကြည့်မြင်တိုင် မျက်မမြင်ကျောင်းမှ မနန်းနီလာခိုင် ဖြစ်ပါတယ်။ (၇)ကြိမ်မြောက် အကြိုတံခွန်စိုက်ပြိုင်ပွဲ စစ်တုရင်ပြိုင်ပွဲမှာ ရွှေတံဆိပ် ရရှိခဲ့ပါတယ်။ (၇)ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစား ပြိုင်ပွဲအတွက် ကြည့်မြင်တိုင် မျက်မမြင် ကျောင်းမှာပဲ လေ့ကျင့်နေပါတယ်။ ဆု တံဆိပ်တွေ ရရှိအောင် လေ့ကျင့်ထားလို့ ဆုတံဆိပ် ရရှိမယ်လို့လည်း ယုံကြည် မျှော်လင့်မိပါတယ်'' ဟု ပြောသည်။

အပြေးနှင့်အလျားခုန် ရွှေတံဆိပ်ဆုရှင် ဆရာမ ဒေါ်မေမြဦးကလည်း ''ကျွန်မက ကြည့်မြင်တိုင် မျက်မမြင်ကျောင်းမှာ ဆရာမ အဖြစ် တာဝန် ထမ်းဆောင်နေတဲ့ ဒေါ်မေမြဦးပါ။ ယခု(၇)ကြိမ်မြောက် အာဆီယံ အကြို တံခွန်စိုက်ပြိုင်ပွဲမှာ မီတာ ၁ဝဝနဲ့ မီတာ ၂ဝဝ အပြေးပြိုင်ပွဲမှာ ရွှေတံဆိပ် တစ်ခုစီနဲ့ အလျားခုန်ပြိုင်ပွဲမှာ ရွှေတံဆိပ်တစ်ခု စုစုပေါင်း ရွှေ တံဆိပ် သုံးခု ရခဲ့ပါတယ်။ လက်ရှိ အောင်ဆန်းအားကစား ပြိုင်ဝင်းမှာ ဇန်နဝါရီလမှ စတင်ပြီး လေ့ကျင့်မှုတွေ ပြုလုပ် နေပါတယ်။ (၇)ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲမှာ နိုင်ငံတော်အတွက် ရွှေတံဆိပ်တွေ ရအောင် ယူပေးမှာပါ''ဟု ပြောကြားသွားသည်။

ထို့ကြောင့် (၇)ကြိမ်မြောက် အာဆီ ယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲကို ပထမဆုံးအကြိမ် အဖြစ် ကိုယ့်မြေ၊ ကိုယ့် ရေ၊ ကိုယ့်ကွင်း၊ ကိုယ့်ပရိသတ် ရှေ့မှာ ယှဉ်ပြိုင်ရမည် ဖြစ်၍ မြန်မာတို့ရဲ့ ဇာတိမာန်ကို ပြရမည့်ပွဲဖြစ်သည့် အလျောက် နှစ်သစ် လက်ဆောင်အဖြစ် ဆုတံဆိပ်များ မည်မျှဆောင်ကြဉ်းပေးမည်ကို ရင် ခုန်စွာကြည့်ရှုအားပေးရပေဦးတော့မည် ဖြစ်သည်။ ။

ဆောင်းပါးရှင် (လင်းကြည်လင်း)
မြ၀တီ

0 comments:

Post a Comment