3.10.13

သံရည်ကျိုစက်ရုံ လုံခြုံရေး ၀န်ထမ်းတစ်ဦး ဓါးခုတ်ခံရ

မှော်ဘီမြို့နယ် မြောင်းတကာ စက်မှု ဇုန်ရှိ သံရည်ကျိုစက်ရုံတစ်ခုတွင် လုံခြုံရေး ၀န်ထမ်းတစ်ဦး အောက်တိုဘာ ၁ ရက် ညက ဓါးခုတ်ခံရသဖြင့် မြို့နယ်ရဲစခန်းက အမှုဖွင့် ဆောင်ရွက်နေရကြောင်း ရန်ကုန် တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရသည်။

အဆိုပါ အမှုမှာ မြောင်းတကာ စက်မှုဇုန်ရှိ “စိုးမိုးခိုင်” သံရည်ကျို စက်ရုံတွင် ဖြစ်ပွားခဲ့ပြီး စက်ရုံမန်နေဂျာဖြစ်သူ ဦးသိန်းဇော်က အမှုဖွင့် တိုင်တန်းထားသည်ဟု ရဲဌာနက ဆိုထားသည်။

အမှုတွင် ဦးသိန်းဇော်သည် ယင်းနေ့ ည ၇ နာရီ က အခြားစက်ရုံမှ ၄င်းလုပ်ကိုင်သော စက်ရုံသို့ ပြန်လာစဉ် စက်ရုံဝင်း အတွင်းရှိ လုံခြုံရေးအဆောက်အဦးတွင် လူများဝိုင်းအုံနေ၍ သွားရောက်ကြည့်ရှုခဲ့သည်ဟု ဆိုထားသည်။



ထို့ကြောင့် စက်ရုံလုံခြုံရေး ၀န်ထမ်းဖြစ်သူ ဦးလှသောင်း (၄၈) နှစ်၊ (စက်ရုံ နေသူ)ကို ဦးခေါင်းဝဲ/ယာ ဂျိုစောင်းပြတ်ရှ ဒဏ်ရာ (၂)ချက်၊ ၀ဲ/ယာ လက်ခုံ၊ လက်ကောက်ဝတ်ပြတ်ရှဒဏ်ရာများဖြင့် လဲနေသည်ကို တွေ့ရှိခဲ့ရသည်ဟုလည်း ရဲအားပြော ပြထားသည်။

ထို့ကြောင့် မေးမြန်းရာ ယခင်က စက်ရုံတွင် အလုပ်လုပ်ကိုင်ခဲ့သော မြောင်းတ ကာစက်မှုဇုန်နေသူ ........ရောက်ရှိလာပြီး ယခင်က စကားများ ရန်ဖြစ်သည့်ကိစ္စအား မကျေနပ်သဖြင့် ငှက်ကြီးတောင် ဓါးဖြင့် ခုတ်ခဲ့ခြင်း
ဖြစ်သည်။

ဓါးခုတ်မှုကြောင့် ဦးလှသောင်းမှာ မှော်ဘီဆေးရုံတွင် အတွင်းလူနာ (စိုးရိမ်ရ)အဖြစ် ကုသရသောကြောင့် ....ဆိုသူကို ဖမ်းဆီး အရေးယူပေးရန် ဦးသိန်းဇော်က တိုင်ကြားထားသည်ဟု ရဲဌာနက ဆိုထားသည်။

ယင်းတိုင်တန်းမှုကို မှော်ဘီရဲစခန်းက(ပ)၅၆၃/၂၀၁၃ဖြင့် အမှုဖွင့်ပြီး တိုင်ကြားခံထားရသူအား ဖမ်းဆီးစစ်ဆေးနေပြီး ပြစ်မှုထင်ရှားပါကလည်း ပုဒ်မ ၃၂၆/၄၄၇ ဖြင့် တရားစွဲတင်မည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese

0 comments:

Post a Comment