18.2.14

ဘဏ္ဍာရေးအချက်အလက် ခိုးမှုဖြင့် တောင်ကိုရီးယား ကြွေးဝယ်ကတ် ကုမ္ပဏီသုံးခု ရပ်ဆိုင်းခံရ

တောင်ကိုရီးယားနိုင်ငံတွင် ပြည်သူသန်း ၂၀ ကျော်၏ ငွေကြေးဆိုင်ရာ အချက်အလက်များ ခိုးယူမှုဖြင့် အကြွေးဝယ်ကတ်ကုမ္ပဏီ သုံးခုကို တောင်ကိုရီးယား စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များက ခေတ္တရပ်ဆိုင်း ခဲ့ကြောင်း ဖေဖော်ဝါရီ ၁၇ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
တောင်ကိုရီးယားနိုင်ငံ၏ အကြီးမားဆုံးသော ပုဂ်္ဂိုလ်ရေးရာငွေကြေးအချက်အလက်ခိုးယူမှုတွင် KB Kookmin Bank၊ Lotte Card နှင့် NH Nongnyup Card ကုမ္ပဏီတို့က နိုင်ငံလူဦးရေ သန်း၅၀ ကျော် အနက် ၄၀ ရာခိုင်နှုန်းကျော်၏ အချက်အလက်များကို ခိုးယူခဲ့သည်။

ပြီးခဲ့သည့်လက အစိုးရရှေ့နေများက ယင်းကိစ္စရပ်ကို ကြေညာခဲ့သည့်အခါ လူ ထောင်ပေါင်းများစွာသည် ကုမ္ပဏီများ၏ ရုံးခွဲများတွင် အကြွေးဝယ်ကတ်များ ဖျက်သိမ်းပေးရန် (သို့မဟုတ်) အသစ်ထပ်မံလုပ်ပေးရန် ရက်ပေါင်းများစွာကြာ တောင်းဆိုခဲ့သည်။

အကြွေးဝယ်ကတ် ကုမ္ပဏီသုံးခုအား မေ ၁၆ ရက်အထိ သုံးလကြာ အကြွေးဝယ်ကတ်များ ထုတ်ပေးခြင်းကို တားမြစ်ထားကြောင်း ဘဏ္ဍာရေးဆိုင်ရာ ကြီးကြပ်ရေး ကော်မရှင် (FSC) ပြောကြားသည်။

အဆိုပါကုမ္ပဏီများသည် သုံးစွဲသူများ၏ အချက်အလက်များ ပေါက်ကြားမှုကို ကာကွယ်ပေးရမည့် ၎င်းတို့၏ တာဝန်ဖြစ်သော အတွင်းရေးထိန်းချုပ်ရေးဆိုင်ရာလိုက်နာရမည့်တာဝန်များကို လျစ်လျူရှုခဲ့ကြောင်း အစီရင်ခံစာတွင် ပြောကြားသည်။

လက်ရှိအကြွေးဝယ်ကတ် ကိုင်ဆောင်သူများအပေါ် ထိခိုက်မှုရှိမည် မဟုတ်ကြောင်းနှင့် ကုမ္ပဏီတစ်ခုစီ သည် ဒဏ်ကြေးငွေ အမေရိကန်ဒေါ်လာ ခြောက်ထောင်နီးပါး ပေးဆောင်ရမည် ဖြစ်သည်။ အဆိုပါ ကုမ္ပဏီသုံးခုတွင် ယာယီ အတိုင်ပင်ခံအဖြစ် တစ်ချိန်က အလုပ်လုပ်ကိုင်ခဲ့သူ ကိုရီးယားခရက်ဒစ်ဗျူရိုမှ ၀န်ထမ်းတစ်ဦးအား အချက်အလက်များ ခိုးယူခဲ့မှုဖြင့် ပြီးခဲ့သည့်လက ဖမ်းဆီးခဲ့သည်။

Mizzima - News in Burmese

0 comments:

Post a Comment