18.2.14

စတင်ပူးပေါင်းဆောင်ရွက်နေပြီဖြစ်သည့် မြန်မာအမေရိကန်ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးလုပ်ငန်းများ



ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၁၄)ရက်နေ့က မန္တလေးမြို့ရှိ ရွှေနန်းတော်ခေါ် ရွှေကျောင်းမှာ ရွှေကျောင်းထိန်းသိမ်းရေးနဲ့

ပတ်သက်ပြီး ဆွေးနွေးမှုတစ်ရပ်ပြုလုပ်ခဲ့ပါတယ်။ အဆိုပါအခမ်းအနားကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာဒဲရစ်မစ်ချယ်နဲ့ မြန်မာနိုင်ငံဘက်မှ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဦးသန်းဆွေ တက်ရောက်ဆွေးနွေးခဲ့ပါတယ်။ ရွှေကျောင်းထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းတွေကို အမေရိကန်အစိုးရနဲ့ မြန်မာအစိုးရတို့  သဘောတူညီမှုနဲ့ ဆောင်ရွက်တာဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ငါးသိန်းနဲ့ စတင်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။



အခုလို ရွှေနန်းတော်(ခေါ်) ရွှေကျောင်းမှာ ထိန်းသိမ်းစောင့်ရှောက်ရေးကို ဆောင်ရွက်ဖို့ ရွေးချယ်ရတာဟာ မြန်မာတစ်နိုင်ငံလုံးမှာ အခြားဘုန်းကြီးကျောင်းတွေ အများကြီးရှိပေမယ့် ရွှေနန်းတော် (ခေါ်) ရွှေကျောင်းဟာ မန္တလေးမြို့မှာရှိပြီး သွားရေးလာရေး လွယ်ကူတဲ့အပြင် အများမျက်စိရှေ့မှာ ဆောင်ရွက်ရတဲ့အတွက် ရွေးချယ်ခဲ့တာဖြစ်တယ်လို့ ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့တာဖြစ်ပါတယ်။အခုလို ပူးပေါင်းဆောင်ရွက်မှုမှာ အမေရိကန်အစိုးရဘက်က အစိုးရမဟုတ်တဲ့ အဖွဲ့ အစည်းဖြစ်တဲ့ world monument fund တို့နဲ့ မြန်မာနိုင်ငံဘက်မှ ယဉ်ကျေးမှုဝန်ကြီးဌာနလက်အောက်က ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနတို့ ပူးပေါင်းပြီး လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။

အခုလိုဆောင်ရွက်ရမှာ ရွှေကျောင်းပတ်ဝန်းကျင်မှာ မိုးရာသီမှာ ရေမ၀ပ်စေရန် Landscaping များဆောင်ရွက်ခြင်း၊ မီးဘေးကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ခြင်း အစရှိတဲ့လုပ်ငန်းတွေကို လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးလည်း ပြောကြားခဲ့ပါတယ်။ ဒီရွှေကျောင်းထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းစဉ်တွေကို (၂)နှစ်ကြာ လုပ်ဆောင်သွားမှာဖြစ်ပြီး လာမယ့်ဧပြီလ (၂၃)ရက်နေ့မှာလည်း 3D လေဆာစနစ်နဲ့  မှတ်တမ်းတင်ဖို့ ရှိတယ်လို့ သိရပါတယ်။ ဒီလိုမျိုး ပူးပေါင်းဆောင်ရွက်တာဟာ နောက်ပိုင်းမှာ ပြည်တွင်းပညာရှင်တွေနဲ့ပဲ ပြည်တွင်းက ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းတွေကို လုပ်ဆောင်နိုင်အောင် အမေရိကန်နိုင်ငံက ကူညီသွားမှာ ဖြစ်ကြောင်းသိရပါတယ်။

အခုလို အမေရိကန်နိုင်ငံမှ ကူညီရာမှာ (၅၀)ရာခိုင်နှုန်းက လေ့ကျင့်မှုနဲ့ မြန်မာနိုင်ငံမှ ၀န်ထမ်းတွေကို စွမ်းရည်ပြည့်ဝဖို့အတွက် ကူညီပေးသွားမှာဖြစ်ပြီး ကျန်(၅၀)ရာခိုင်နှုန်းက ရွှေနန်းတော်(ခေါ်) ရွှေကျောင်း ထိန်းသိမ်းရေးလုပ်ငန်းပိုင်းတွေကို ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။ နှစ်နိုင်ငံပူးပေါင်း ထိန်းသိမ်းစောင့်ရှောက်ဖို့ သဘောတူညီလိုက်တဲ့ ရွှေကျောင်းဟာ (၁၈၈၃)ခုနှစ်လောက်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး မင်းတုန်းမင်းတရားကြီး စံမြန်းရာ နန်းတော်ဆောင်လည်းဖြစ်ပါတယ်။ မင်းတုန်းမင်း နတ်ရွာစံပြီး နောက်ပိုင်းမှာတော့ သားတော်သီပေါမင်းက ဒီနေရာကို ရွှေ့ပြောင်း တည်ဆောက်ခဲ့ပြီး ဘုန်းတော်ကြီးကျောင်းအဖြစ် လှူဒါန်းခဲ့တာလို့ သိရပါတယ်။

MRTV 4

0 comments:

Post a Comment