18.2.14

ဘန်ကောက်တွင် ရဲများနှင့် ဆန္ဒပြသူများ ပဋိပက္ခဖြစ်ပွါးရာ သုံးဦးသေဆုံး


Tuesday, February 18, 2014

ထိုင်းနိုင်ငံ၏ မြို့တော် ဘန်ကောက်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများ၏ သပိတ်စခန်းများကို ထိုင်းရဲတပ်ဖွဲ့က စတင်ရှင်းလင်းခဲ့ရာမှ ဖေဖော်ဝါရီလ ၁၈ရက်တွင် အကြမ်းဖက်ပဋိပက္ခများ ပေါ်ပေါက်ခဲ့ကာ
လူသုံးဦးသေဆုံးသွားခဲ့ပြီး ဒါဇင်ပေါင်များစွာ ဒဏ်ရာရရှိသွားခဲ့သည်ဟု ဘီဘီစီ သတင်းဌာနတွင် ဖော်ပြထားသည်။

ဘန်ကောက်မြို့တွင် ၂၀၁၃ခုနှစ် နှစ်ကုန်ပိုင်းကတည်းက ဆန္ဒပြသူများက သိမ်းပိုက်ထားခဲ့သည့် အစိုးရအဆောက်အအုံများကို ရဲများက ပြန်လည်သိမ်းပိုက်ရန် ကြိုးစားခဲ့ရာမှ ပဋိပက္ခများ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သည့် လအနည်းငယ်အတွင်းတွင် ဆန္ဒပြသူများသည် အစိုးရ အဆောက်အဦးများစွာကို သိမ်းပိုက်၍ ဝင်ရောက်နေရာယူခဲ့ကြကာ၊ အစိုးရ နုတ်ထွက်ပေးရေးကို တောင်းဆိုခဲ့ကြသည်။ ထိုကဲ့သို့ ဆန္ဒပြသူများ သိမ်းပိုက်ထားခဲ့သည့် အစိုးရ အဆောက်အဦးများကို ယခုအပတ်အတွင်းတွင် ပြန်လည်ရယူလိုကြောင်း အစိုးရက ကြေညာခဲ့သည်။

ထိုင်းဝန်ကြီးချုပ်၏ ရုံးဖြစ်သည့် အစိုးရဌာနချုပ်သည် ဆန္ဒပြသူများ၏ အဓိက ဆုံချက် ဖြစ်ခဲ့သည်။ ဖေဖော်ဝါရီလ ၁၇ရက်က ထိုအဆောက်အဦး၏ အပြင်ဘက်တွင် ထောင်ပေါင်းများစွာသောသူများ စုဝေးခဲ့ကြပြီး၊ အရာရှိများ အလုပ်ခွင် ပြန်မဝင်နိုင်ရေးအတွက် အဆောက်အဦးသို့သွားရာ ဝင်ပေါက်များကို အင်္ဂတေဖြင့် ပိတ်ခဲ့သည်ဟုလည်း ဘီဘီစီ သတင်းဌာနက ရေးသားထားသည်။

ဖေဖော်ဝါရီလ ၁၈ရက် အစောပိုင်းတွင်မူ ရဲများက ဆန္ဒပြသူများနှင့် ညှိနှိုင်းမှုများ စတင်ပြုလုပ်ခဲ့ကြသည်။

အကြမ်းဖက်ပဋိပက္ခမှာ ဘန်ကောက်မြို့လယ် ဒီမိုကရေစီမော်ကွန်းတိုင် (Democracy Monument) အနီးတွင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး ရဲအရာရှိ တစ်ဦးနှင့် ဆန္ဒပြသူ နှစ်ဦး သေနတ်ထိမှန်ကာ သေဆုံးသွားခဲ့သည်ဟု Erawan အရေးပေါ် ဆေးကုသရေး ဝန်ဆောင်မှုဌာနက ဆိုခဲ့ကြောင်း ဘီဘီစီ သတင်းဌာနတွင် ရေးသားဖော်ပြထားသည်။

လက်ပစ်ဗုံးနှင့် အတိုက်ခိုက်ခံရသဖြင့် ရဲများ ဒဏ်ရာရရှိသွားခဲ့ကြောင်း နှင့် ဗုံးဆန်များလည်းတွေ့ရကြောင်း သတင်းများထွက်ပေါ်လာခဲ့သလို၊ ရဲများကလည်း ဆန္ဒပြသူများအား ပစ်ခတ်ခဲ့ကြကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

လူ ၆၀ ဦးခန့် ဒဏ်ရာရရှိသွားခဲ့ကြောင်း Erawan ဌာနက ဆိုခဲ့သော်လည်း၊ ရဲများနှင့် ဆန္ဒပြသူများအကြား ဖြစ်ပွါးခဲ့သည့် ပဋိပက္ခအကြောင်းကိုမူ Erawan ဌာနက သတင်းထုတ်ပြန်ခြင်း မရှိခဲ့ပေ။

အခြားတစ်နေရာတွင် စွမ်းအင်ဝန်ကြီးဌာန အနီးရှိ သပိတ်စခန်းကိုလည်း ရဲများက ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး ဆန္ဒပြသူ ၁၀၀ ခန့်ကို ဖမ်းဆီးနိုင်ခဲ့သည်ဟု ဆိုသည်။

ဖေဖော်ဝါရီလ ၁၈ရက်၌ပင် စွမ်းအင်ဝန်ကြီးဌာနဝင်းအနီးရှိ သပိတ်စခန်း တစ်ခုရှိ ဆန္ဒပြသူများထံမှ အိမ်လုပ်ဗုံး ၁၂ လုံး၊ အကြီးစား မီးရှူးမီးပန်း ၂၂ ခု၊ မျက်ရည်ယိုဗုံး တစ်လုံး၊ နိုက်ထရိတ်အမှုန့် လေးအိတ် စသည်တို့ကို သိမ်းဆည်းနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်ဟု ထိုင်းနိုင်ငံ အခြေစိုက် ဘန်ကောက်ပို့စ် သတင်းစာတွင် ရေးသားဖော်ပြခဲ့သည်။

Mizzima - News in Burmese

0 comments:

Post a Comment