18.2.14

၁၇ နှစ်အရွယ် မိန်းကလေး အခန်းတွင်းပိတ်လှောင်၍ ပြည့်တန်ဆာအဖြစ် စေခိုင်းခံရ


၁၈.၂.၂၀၁၄၊ အင်္ဂါနေ့

အသက် ၁၇ နှစ်အရွယ် မိန်းက လေးတစ်ဦးအား အခန်းအတွင်းပိတ် လှောင်၍ ပြည့်တန်ဆာအဖြစ် အဓမ္မ စေခိုင်းမှုတစ်ခု ဒဂုံဆိပ်ကမ်းတွင်ဖြစ်ပွား ခဲ့သည်။

ယခုလ ၁၃ ရက်နေ့ ဒဂုံဆိပ်ကမ်း မြို့နယ်နေသူ၏ ၁၇ နှစ်အရွယ်ရှိသူ သမီးသည်နေအိမ်မှ ပျောက်သွားပြီး ယခုလ ၁၆ ရက်နေ့တွင် ၎င်း၏နေအိမ် သို့ပြန်လည်ရောက်ရှိလာခဲ့သည်။ 

သူမအား ၁၃ရက်နေ့တွင် တစ်ရပ် ကွက်တည်းနေ မသဲသဲဆိုသူက စက်ရုံ တွင် အလုပ်ရမည်၊ လစာကောင်းမည်ဟု ဆိုကာ အတူတူလုပ်ရန် စည်းရုံးသဖြင့် မသဲသဲနှင့်အတူ ဗိုလ်တထောင်ဘုရားသို့ သွားခဲ့ရာ မသဲသဲမှ လမ်းဘေးဖုန်းဖြင့် ဆက်သွယ်ပြီး ယာဉ်မောင်းဦးဝင်းနိုင် ဆိုသူ မောင်းနှင်သော ခဲရောင် (နံပါတ် မမှတ်မိ) ကားတစ်စီး ရောက်ရှိ လာကာ အဆိုပါယာဉ်ဖြင့် အထပ် ၈ ထပ်ရှိသော တိုက် ၅ လွှာတစ်ခုသို့ ရောက်ရှိခဲ့သည်။ 

ထို့နောက် အခန်းတံခါးသော့ပိတ်ခံရပြီး လွန်ခဲ့သည့် ရက် ၂ဝ ခန့်ကနေ အိမ်မှ ပျောက်သွားသူ ညီမဝမ်းကွဲ မ .... (၁၇)နှစ်ကိုပါ တွေ့ခဲ့ကြောင်း ၎င်းတို့ အား ပြည့်တန်ဆာအဖြစ် အဓမ္မစေခိုင်း ခဲ့ပြီး ဦးဝင်းနိုင်မှ ကားဖြင့်တည်းခိုခန်းဟိုတယ်များသို့ လိုက်လံပို့ဆောင်ပေး ကြောင်း ၎င်းအား ပြည့်တန်ဆာအဖြစ် အဓမ္မစေခိုင်းသော်လည်း အခန်း၏အ ရေးပေါ်လှေကားမှ ထွက်ပြေးခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
၎င်းအမှုနှင့်ပတ်သက်၍ သမီးဖြစ် သူအား ဖြားယောင်းသွေး ဆောင်ပြီး ပြည့်တန်ဆာအဖြစ် အဓမ္မ စေခိုင်း၍ အခန်းအတွင်းပိတ်လှောင်ကာ မတရား ချုပ်နှောင်ခဲ့သော မသဲသဲ နှင့် ဦးဝင်းနိုင် တို့အား မိခင်ဖြစ်သူက ပြစ်မှုပုဒ်မ ၃၇၂/၃၄၁/၁၁၄ ဖြင့်ယခုလ ၁၈ ရက် တွင် အမှုဖွင့်ခဲ့ပြီး ဒုရဲအုပ်ကျော်ကျော် ဝင်းမှ တရားခံများ ဖမ်းဆီးရမိရေးအ တွက် စုံစမ်းလျက်ရှိကြောင်း ရဲတိုင်းရုံးမှ သိရသည်။

Popular Myanmar News Journal

0 comments:

Post a Comment