18.2.14

မိုးစပါး ပျက်စီးထားသည့် စစ်ကိုင်းတိုင်းရှိ လယ်သမားများကို သမ္မတက ငွေကျပ် ၁၁ သန်းကျော် ထောက်ပံ့မည်

၁၈.၂.၂၀၁၄၊ အင်္ဂါနေ့

ပြီးခဲ့သည့် မိုးစပါးစိုက် ရာသီအတွင်း ပျက်စီး ဆုံးရှုံးမှု အများဆုံး ဖြစ်သွားသော စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘို၊ ဝက်လက်နှင့် ခင်ဦး မြို့နယ်များရှိ လယ်သမားများကို နိုင်ငံတော် သမ္မတက ငွေကျပ် ၁၁ သန်းကျော် ထောက်ပံ့မည် ဖြစ်ကြောင်း လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာနမှ ဒုတိယ ဝန်ကြီး ဦးအုန်းသန်းက ပြောကြားသည်။
အဆိုပါ မြို့နယ်များရှိ လယ်သမားများကို တစ်ဧကလျှင် ငါးသောင်း တစ်ထောင် ကျပ်နှုန်းဖြင့် နိုင်ငံတော် သမ္မတ၏ သီးသန့် ရန်ပုံငွေမှ ထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရွှေဘို မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အောင်သန်းက ရွှေဘိုမြို့နယ် အတွင်းရှိ မိုးစပါးများကို ဆစ်ပိုးများ ဖျက်ဆီးခဲ့သည့် အတွက် တောင်သူများ၏ စိုက်ပျိုးစရိတ် ချေးငွေ ပြန်ဆပ်မည့် ကာလကို နောက်ဆုတ် ပေးရန်နှင့် အစိုးရအဖွဲ့မှ ကူညီပေးရန် ရှိ မရှိ မေးမြန်းရာ ၎င်းက ယင်းသို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

၂၀၁၃ ခုနှစ်အတွင်း အဆိုပါ မြို့နယ်များရှိ စပါးစိုက ဧက၂၂၅ ဧကသည် ဆစ်ပိုးကြောင့် လုံးဝ ပျက်စီးခဲ့သောကြောင့် ထောက်ပံ့နိုင်ရန် တိုင်းဒေသကြီး အစိုးရက တင်ပြခဲ့ကြောင်း၊ ယင်းကြောင့် လယ်ယာ စိုက်ပျိုးရေး ဝန်ကြီး ဌာနက ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ဘဏ္ဍာရေး ဝန်ကြီး ဌာနသို့ တင်ပြခဲ့ပြီး ဖြစ်ကြောင်း ဦးအုန်းသန်းက ဆိုသည်။

“ဒီကိစ္စဟာ အင်မတန် အရေးကြီးပါတယ်။ တောင်သူတွေအတွက် ကာကွယ် စောင့်ရှောက်ဖို့ ဥပဒေ ပြဋ္ဌာန်းထားပြီး ဖြစ်တာကြောင့် နည်းဥပဒေ အမြန်ဆုံး ပြဋ္ဌာန်းဖို့ လုပ်ရပါမယ်” ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

ထို့အပြင် တောင်သူများ၏ ကိစ္စများအတွက် လွှတ်တော်မှ ဖွဲ့စည်းထားသော စိုက်ပျိုးမွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု ကော်မတီနှင့် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာနတို့က ပူးပေါင်း ကူညီသွားရန် လိုကြောင်း ၎င်းက တိုက်တွန်း ပြောကြားသည်။

တောင်သူလယ်သမားများ အကျိုးစီးပွားနှင့် အခွင့်အရေး ကာကွယ် စောင့်ရှောက်ရေး ဥပဒေကို ၂၀၁၃ ခုနှစ် သြဂုတ်လတွင် အတည်ပြုခဲ့သည်။

The Voice Weekly

0 comments:

Post a Comment