6.3.14

ဓာတ်ငွေ့ဒေသများ၌ လျှပ်စစ်ရရန် အမြန်ဆောင်ရွက်သင့်



၆.၃.၂၀၁၄၊ ကြာသပတေးနေ့

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသနှင့် ရခိုင်ပြည်နယ်၊ မန်အောင်၊ ကျောက်ဖြူ၊ ဂွဒေသများမှထွက်ရှိသော သဘာဝဓာတ်ငွေ့များဖြင့် နိုင်ငံက ဒေါ်လာဘီလျံများစွာ ရရှိနေ ချိန်တွင် ၎င်းဒေသခံတို့ သုံးစွဲနေရသော လျှပ်စစ်မီတာခတို့ကမူ အခြားဒေသများထက် အဆပေါင်း ၁၅ ဆခန့်ပိုများနေကြာင်း၊ အဆိုပါဒေသများတွင် လျှပ်စစ်မီးရရှိရန် ဆောင်ရွက်သင့်သည်ဟု ဂွမြို့နယ်၊ ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်သာက ပြောသည်။


၎င်းက “လျှပ်စစ်မီးရရှိရေးကို နှစ်ရှည်စီမံကိန်းနဲ့ စီစဉ်ထားကြောင်း လျှပ်စစ်ဒုတိယ၀န်ကြီးက ဖြေသွားမှု အပေါ် ကျွန်တော်တို့ အားမရကြပါဘူး။ အမှန်က ဒီထက်ပိုပြီး မြန်မြန်ဆောင်ရွက်နိုင်တာနဲ့အမျှ ဒေသခံ တွေဘက်က ယုံကြည်မှု၊ စိတ်ကျေနပ်မှုတွေ ပြန်ရလာမှာပါ”ဟု ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်၊ န၀မ ပုံမှန်အစည်းအဝေး ၂၁ ရက်မြောက်အစီအစဉ်တွင် ပါဝင်သည့် လောင်းလုံမြို့နယ်၊ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးအောင်စိုး၏မေးမြန်းမှုကို လျှပ်စစ်ဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီးဦးအောင်သန်းဦး၏ ဖြေကြားခြင်းကို ရည်ညွှန်း၍ ပြောကြားခြင်းဖြစ်သည်။

သဘာဝဓာတ်ငွေ့များကို မလေးရှားနှင့် ထိုင်းနိုင်ငံတို့သို့ ၁၆ နှစ်ကျော်ရောင်းချခဲ့ပြီး နိုင်ငံတော်တွင် ကန် ဒေါ်လာ ဘီလီယံပေါင်းများစွာ ၀င်ငွေရစေခဲ့သော်လည်း ကံပေါက်ဒေသရှိဒေသခံတို့သည် ပုဂ္ဂလိကလျှပ် စစ်ဓာတ်အားပေးလုပ်ငန်းများမှ ဖြန့်ဖြူးသော လျှပ်စစ်မီးကို တစ်ယူနစ်လျှင်ငါးရာကျပ်နှုန်းဖြင့် ၀ယ်ယူသုံး စွဲနေရကြောင်း၊ အခြေခံမိသားစုအတွက် ကျပ်တစ်သောင်းခန့် မီတာခကုန်ကျနေကြောင်းနှင့် ကြွယ်ဝေ သော မိသားစုအတွက် ကျပ်တစ်သိန်းခွဲခန့် ကုန်ကျနေကြောင်း ဦးအောင်စိုးက ရှင်းပြပြီး အစိုးရအဖွဲ့ကို မေးမြန်းခဲ့ခြင်းဖြစ်သည်။

၎င်းက “လက်ရှိမှာ အခန်း ၃၇ ခန်းပါ ကြယ်သုံးပွင့်ဟိုတယ်တစ်လုံးအတွက်ဆိုရင်တော့ တစ်လကို မီတာခ သိန်း ၇၀ လောက်ကုန်ပါတယ်”ဟု ဦးအောင်စိုးက လွှတ်တော်၌ ပြောကြားခဲ့ပြီး ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွက် ၅၀၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံကို မည်သည့်အချိန်တွင် မည်သို့ တည်ဆောက် ပေးမည်နည်းဟု ပြည်ထောင်စုအစိုးရအား မေးမြန်းခဲ့သည်။

ကံပေါက်တွင် သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်ရန် ပုဂ္ဂလိကကုမ္ပဏီ ကြီးနှစ်ခုနှင့် နားလည်မှုစာချွန်လွှာကို ၂၀၁၃ ဧပြီလတွင် လက်မှတ်ရေးထိုးထားပြီးဖြစ်ကြောင်း၊ ဖြစ် မြောက်နိုင်စွမ်း လေ့လာမှုအရ ပထမအဆင့်ဖြစ်သည့် ၅၁ ဒသမ ၆ မဂ္ဂါဝပ်ကို၂၀၁၄၊ ဒီဇင်ဘာတွင်လည်း ကောင်း၊ ဒုတိယအဆင့် ၅၃ ဒသမ ၁ မဂ္ဂါဝပ်ကို ၂၀၁၅ ဇွန်တွင်လည်းကောင်း၊ တတိယအဆင့်ဖြစ်သည့် ၃၃၆ ဒသမ ၈ မဂ္ဂါဝပ်ကို ၂၀၁၇၊ ဖေဖော်ဝါရီတွင်လည်းကောင်း BOT (တည်ဆောက်၊ လည်ပတ်၊ လွှဲ ပြောင်း)စနစ်ဖြင့် လျာထားဆောင်ရွက်ရန်ရှိကြောင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီးက ဖြေ ကြားသည်။

Mizzima - News in Burmese

0 comments:

Post a Comment