6.3.14

အရုပ်မျက်နှာဖုံးစွပ်လူက အိမ်ရှင်အမျိုးသမီးကို ကြိုးတုပ်ပြီး ကျပ်သိန်း ၈၀ လုယက်


၆.၃.၂၀၁၄၊ ကြာသပတေးနေ့

ရန်ကုန်၊ မဇ္ဈိမ။ ။ ကျောက်တန်းမြို့နယ်တွင် အရုပ်မျက်နှာဖုံးစွပ်ထားသူ လူတစ်ဦးက နေအိမ်အတွင်းဝင်ရောက်ပြီး အိမ်ရှင် အမျိုးသမီးကို ကြိုးတုပ်ကာ ကျပ်သိန်း ၈၀ လုယက်ခဲ့မှု တစ်ခု မတ် ၄ ရက် နံနက်က ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်လိုက်သည်။

အဆိုပါ အမှုမှာ ကျောက်တန်းမြို့နယ် အလယ်ပိုင်းရပ်ကွက်၊ မင်းကျောင်းလမ်း၊ အမှတ် (၈ -ခ)နေအိမ်တွင် အိမ်ရှင်ဖြစ်သူ ဦးတင်ထွန်း (၆၅)နှစ်မှာ လက်ဖက်ရည်ဆိုင် သို့သွားနေစဉ် နံနက် ၇ နာရီကျော်အချိန်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထို့နောက် နံနက် ၈ နာရီအချိန် လက်ဖက်ရည်ဆိုင်မှ ပြန်လာခဲ့ပြီး နေအိမ်ဧည့်ခန်းရှိ ဗီရိုတံခါးပွင့်သဖြင့် အိမ်တွင်ကျန်ရှိသည့် ဇနီးဖြစ်သူကို လိုက်လံရှာဖွေခဲ့သည်ဟု ဦးတင်ထွန်းက အမှုဖွင့်တိုင်တန်းရာတွင် ပြောထားသည်။

ယင်းနောက် ဇနီးဖြစ်သူ ဒေါ်စန်းဝင်းကို မီးဖိုချောင်အပေါက်ဝတွင် ခြေလက်တို့အား ကြိုးတုပ်ခံထားရပြီး တုံးလုံးလဲနေလျက်တွေ့ရှိခဲ့သည်ဟုလည်း ဆိုထားသည်။

ထို့ကြောင့် မေးမြန်းရာ ၇ နာရီခွဲ အချိန်က ကလေးကစားသည့် အရုပ်ပုံပါ မျက်နှာဖုံးစွပ်ထားသည့် အရပ် ၅ ပေ ၆ လက်မခန့်ရှိ အင်္ကျီအဖြူလက်ရှည်၊ ပုဆိုးအ၀ါဖျော့ ၀တ်ဆင်ထားသည့် လူတစ်ဦး (စုံစမ်းဆဲ)က ၀ဲ လက်ဖြင့် မျက်နှာအုပ်ခဲ့ပြီး ကြိုးတုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ယင်းဖြစ်စဉ်ကြောင့် နေအိမ်ရှိ ပစ္စည်းများအားစစ်ဆေးရာ ဗီရိုထဲတွင် ထည့်ထားသည့် ငွေကျပ် သိန်း ၈၀ မှာ ပျောက်ဆုံးနေခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ဇနီးဖြစ်သူကို ကြိုးဖြင့်တုပ်ပြီး ကျပ်သိန်း ၈၀ ယူဆောင်သွားသူကို စုံစမ်းပေးရန် တိုင်တန်း သဖြင့် ရဲစခန်းက (ပ) ၃၇/၂၀၁၄ ဖြင့် အမှုဖွင့်ဖော်ထုတ်နေသည်။

ထို့ပြင် ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိပါက ပုဒ်မ ၃၉၂ ဖြင့် အရေးယူသွားမည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

Mizzima - News in Burmese

0 comments:

Post a Comment