22.3.13

ကောလဟလများကို ငြင်းခဲ့သော မော်ရင်ဟို

ရီးရဲလ်နည်းပြ မော်ရင်ဟိုသည် ၎င်း အနေဖြင့် ရာထူးမှ နှုတ်ထွက်ရန် အသင်းနှင့် သဘောတူညီမှု ရရှိထားကြောင်း ဆိုသည့် သတင်းများကို ငြင်းဆိုခဲ့ပြီး ဖီဖာတစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံး ဆုအတွက် မဲပေးစနစ် အပေါ် ဖီဖာအား ဝေဖန်ခဲ့ကြောင်း သိရသည်။ မော်ရင်ဟိုသည် ရီးရဲလ် ဥက္ကဋ္ဌ ပီရက်ဇ်နှင့် ဆက်ဆံရေး အဆင်မပြေ ဖြစ်နေ၍ ယခုရာသီကုန်တွင် အသင်းနည်းပြ အဖြစ် ဆက်နေရန် မရေရာကြောင်း ဆိုသည့် သတင်းများ ထွက်ပေါ်နေသည်။ 
လာမည့် အနာဂတ်တွင် အင်္ဂလန်သို့ ရောက်နိုင်ကြောင်း ၀န်ခံခဲ့ဖူးသည့် မော်ရင်ဟိုသည် ထိုကဲ့သို့ သတင်းများ ထွက်ပေါ်နေခြင်းကို ငြင်းဆို ခဲ့သည်။ မော်ရင်ဟိုက မိမိအနေဖြင့် ရီးရဲလ် အသင်းနှင့် ရာထူးမှ ထွက်ရန် သဘောတူညီမှု မရရှိသလို စာချုပ်သစ် ချုပ်ဆိုထားခြင်းလည်း မရှိကြောင်း၊ ဝေဖန်မှုများနှင့် ပတ်သက်၍ မိမိအနေဖြင့် မည်သို့မျှ မခံစားရသလို အကျိုးသက်ရောက်မှုလည်း မရှိကြောင်း ပြောကြား ခဲ့သည်။ 
 မော်ရင်ဟိုသည် ၂၀၁၂ ခုနှစ်အတွက် ဖီဖာတစ်နှစ်တာ ကမ္ဘာ့ အကောင်းဆုံး နည်းပြအဖြစ် ဆန်းခါတင် စာရင်းတွင် ပါဝင် ခဲ့သော်လည်း အခမ်းအနားသို့ မတက်ရောက်ခဲ့သလို မဲပေးစနစ်ကိုလည်း ဝေဖန်ခဲ့သည်။ မော်ရင်ဟိုက တစ်နှစ်တာ ကမ္ဘာ့ကောင်းဆုံးဆုအတွက် မဲပေးမှုမှာ ကြည်လင်ပြီး ပွင့်လင်း မြင်သာမှု မရှိကြောင်း စွပ်စွဲခဲ့ပြီး ယင်းအဆိုကို ဖီဖာက ငြင်းဆိုခဲ့သည်။

0 comments:

Post a Comment