13.6.13

ရန်ကုန်မြို့တွင် မိလ္လာရေဆိုး သန့်စင်စက်ရုံ တစ်ရုံသာရှိပြီး ခြောက်ရုံထပ်မံ တည်ဆောက်မည်

ရန်ကုန်မြို့တော်တွင် တိုးပွားလာမည့်လူဦးရေကို မျှော်မှန်း၍ လာမည့် ၂၀၄၀ အမီ မိလ္လာရေဆိုး သန့်စင်စက်ရုံ ခြောက်ရုံခန့် ထပ်မံတည်ဆောက်ရန် လျာထားကြောင်း "မဟာရန်ကုန် မြို့ပြ ဖွံ့ဖြိုးမှု မဟာဗျူဟာစီမံကိန်း" အရ သိရသည်။

ရန်ကုန်မြို့တော်တွင် ရှေးယခင်ကနေ့စဉ်ထွက်ရှိသောမိလ္လာရေဆိုးများအား မြစ်ထဲသို့တိုက်ရိုက် စွန့်ပစ်ခဲ့ကြကြောင်း၊ ၂၀၀၆ ခုနှစ် သန်လျက်စွန်း ရေဆိုးသန့်စင်စက်ရုံ ဖွင့်လှစ်ခဲ့ပြီးနောက် မိလ္လာရေဆိုးများအား စက်ရုံတွင် စုဆောင်းကာ ရေဆိုးသန့်စင်ပြီးမှ မြစ်ထဲကို စွန့်ခဲ့ကြကြောင်း၊ သန်လျက်စွန်း ရေဆိုးသန့်စင် စက်ရုံတစ်ခုတည်းဖြင့် လူဦးရေ ခြောက်သန်း မလုံလောက်တော့ ကြောင်း၊ လာမည့် ၂၀၄၀ တွင် လူဦးရေ ၁၁ သန်းခန့် ရှိလာ မည် ဖြစ်သောကြောင့် ယင်းလူဦးရေများအတွက် မိလ္လာရေဆိုး သန့်စင်စက်ရုံများ ထပ်မံလိုအပ် လာမည်ဖြစ်သဖြင့် ထပ်မံတည်ဆောက်ရန် အဆိုပြု လျာထားခြင်းဖြစ်ကြောင်း သိရသည်။

"တိုးလာမယ့် လူဦးရေ အတွက်ကို မြစ်နဲ့နီးတဲ့ နေရာတွေဖြစ်တဲ့ အလုံ၊ ပိတောက်ချောင်း စတဲ့နေရာတွေမှာ ရေဆိုးသန့်စင်နိုင်တဲ့ အစီအစဉ်တွေ တိုးချဲ့လို့ ရနိုင်ပါတယ်။ အဲဒီနေရာတွေ မှာသာ တိုးချဲ့နိုင်ရင်တော့ ၂၀၄၀ မှာတိုးမယ့် လူဦးရေ အတွက်က အဆင်ပြေစေ နိုင်မှာပါ" ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
ရန်ကုန်မြို့တော်၏ လက်ရှိ မိလ္လာစုဆောင်ရေး စနစ်မှာလည်း လွန်ခဲ့သည့်နှစ်ပေါင်း ၁၂၀ က တည်းပင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ အချို့နေရာများတွင် မိလ္လာပြွန်စနစ်ကို အသုံးပြုနေကြောင်း သိရသည်။ အခြားမြို့နယ် များတွင်မူ ပိုက်လိုင်းစနစ်ဖြင့် အသုံးပြုလျက် ရှိကြောင်း၊ မိလ္လာပြွန် စနစ်ဖြင့် အသုံးပြုနေသော မိလ္လာတွန်း စက်အိုးများမှာ နှစ်ပေါင်း ၁၂၃ နှစ်ရှိနေပြီ ဖြစ်၍ နှစ်စဉ်ပြုပြင် မွမ်းမံ၍ အသုံးပြုနေရကြောင်း သိရသည်။

ယခုအခါ ရန်ကုန်မြို့တော်တွင် မိလ္လာရေဆိုး သန့်စင်စက်ရုံ အသစ်များ တည်ဆောက်ရန်  အတွက် မြေနေရာများ ရှာဖွေနေသည်ဟု သိရပြီး ပြည်ထောင်စု အစိုးရအဖွဲ့ထံသို့ မြေနေရာ များ တောင်းခံထားကြောင်းလည်း သိရသည်။ လက်ရှိ ရန်ကုန်မြို့တော်၏ ရေဆိုး သန့်စင်ပေးနိုင်မှု ပမာဏ အနည်းငယ်မှ လာမည့် ၂၀၄၀ အနာဂတ်တွင် ရန်ကုန်မြို့၏ ၃၆ ရာခိုင်နှုန်း၊ လူဦးရေ ၄ ဒသမ ၂ သန်းအား ရေဆိုး သန့်စင်နိုင်သော ၀န်ဆောင်မှုစနစ်ပေး ရန်နှင့် တစ်နေ့ရေဆိုး ၁ ဒသမ ၄ သန်း သန့်စင်ပေးနိုင်ရန် ရည်ရွယ်ထားသည်ဟုလည်း သိရသည်။

ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သန်လျက်စွန်းရှိ တစ်ခုတည်းသော ရေဆိုးသန့်စင်စက်ရုံ (ဓာတ်ပုံ-ကျော်ထင်)

Eleven Media Group

0 comments:

Post a Comment