13.6.13

ပီအာရ်စနစ် မကျင့်သုံးဖို့၊ မတရားအသင်းပုဒ်မပယ်ဖျက်ဖို့ တိုင်းရင်းသား (၁၅)ပါတီ တောင်းဆို


  ရွေးကောက်ပွဲမှာ PR ခေါ် အချိုးကျရွေးချယ်မှုစနစ် ကျင့်သုံးရေးကိစ္စကို ကန့်ကွက်ကြောင်းနဲ့ မတရား အသင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၇ (၁)(၂) ကို ပယ်ဖျက်ပေးဖို့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း ၁၅ ပါတီက တောင်းဆိုလိုက်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ ရှမ်းတိုင်းရင်းသားများ ဒီမို ကရက်တစ်ပါတီရုံးချုပ်မှာ နှစ်ရက်ကြာ ကျင်းပခဲ့တဲ့ ၁၅ ကြိမ်မြောက် ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း ၁၅ ပါတီ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲမှ အချက် ၆ ချက်ပါ သဘောထားကြေငြာချက်ကို ဒီကနေ့ ညနေပိုင်းမှာ ထုတ်ပြန်ခဲ့တာပါ။
  လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆက်ဆံဖို့ အင်မတန်ခက်ခဲတဲ့အတွက် မတရားအသင်းဆိုင်ရာဥပဒေကို ပယ်ဖျက်ပေးဖို့ တောင်းဆိုရတာဖြစ်တယ်လို့ "ဝ" အမျိုးသားစည်းလုံးညီညွှတ်ရေးပါတီမှ ဗဟိုအလုပ် အမှုဆောင် ဦးဆမ်နပ်က RFA ကို အခုလို ပြောပါတယ်။"ဘာဖြစ်လို့လဲဆိုတော့ ဒီဥပဒေပုဒ်မ ၁၇ (၁)က ကျနော်တို့ နိုင်ငံရေးပါတီရော၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အနေနဲ့ရော၊ ဒီလိုမျိုးလက်နက်ကိုင်အဖွဲ့အစည်းနဲ့ ဆက်သွယ်ဖို့ ပြောဆိုတာ အင်မတန်မှခက်ခဲလို့ ကျနော်တို့က ဒီပုဒ်မကို ရှုတ်ချတာပါ"
  အဲဒီသဘောထားကြေငြာချက်မှာ ဖက်ဒရယ်ပြည်ထောင်စုပါတီသစ် ဖွဲ့စည်းတည်ထောင်ရန်၊ အချိုးကျ ကိုယ်စားပြုစနစ်(PR System)ကို ကန့်ကွက်ကြောင်း၊ မတရားအသင်းဆိုင်ရာအက်ဥပဒေပုဒ်မ ၁၇ (၁) (၂) နှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၂ (က) ပုဒ်မခွဲ(၃) တို့ကို ပယ်ဖျက်ပေးရန် စတဲ့အချက်တွေ ပါဝင်ပါတယ်။ရှမ်းပြည်နယ် တောင်ကြီးမြို့က ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (ကျားဖြူ) ရုံးချုပ်မှာ ပြုလုပ်တဲ့ ညီနောင်တိုင်းရင်းသားပါတီများဖက်ဒရေးရှင်း (NBF) ရဲ့ ၁၅ ကြိမ်မြောက်ေ ဆွးနွေးပွဲမှာ တောင်းဆိုချက် ၆ ချက်ပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

RFA Burmese

0 comments:

Post a Comment