တနေ့က…ကျွန်မ ကလေးသူငယ်စိတ်ရောဂါဆရာဝန်ကြီး ဒေါက်တာထွန်းအောင်လှိုင်နှင့်တွေ့ ဆုံခွင့် ရခဲ့ပါသည်။ ဆရာဝန်ကြီး ဟုသာ ပညာကို
လေးစားပြီး ခေါ်လိုက်သော်လည်း ဆရာက လူလတ်ပိုင်းတစ်ဦးပင်။
လန်ဒန်မှ ကလေးသူငယ် စိတ်ရောဂါကုထုံးကို အထူးပြု သင်ကြားပြီး ပြန်ရောက်သည်မှာ လပိုင်းမျှသာ ရှိပါသည်။ ကျွန်မတို့ မြန်မာနိုင်ငံတွင်
ကလေး စိတ်ရောဂါအထူးကုရယ်ဟု ရှိနှင့် ပြီးသားလားပင် ကျွန်မ မသိပါ။
လွန်ခဲ့သော ငါးနှစ်ကျော်ခြောက်နှစ်ခန့်က ကျွန်မကျောင်းတွင် ထူးခြားသော အပြု အမူများ ပြု လုပ်တတ်သော မူလတန်း ကလေးငယ် လေးတစ်ဦးကို လေ့လာမိရာမှ စိတ်ရောဂါဆရာဝန် တစ်ဦးဦးနှင့် ပြသင့်သည်ဟု အထင်ရောက်မိခဲ့ပါသည်။ ကျွန်မ၏ တိုထွာလှသော ဗဟုသုတလေးဖြင့် မိဘကို ခေါ်ယူ ဆွေးနွေးသောအခါ မိဘများက ကျွန်မကိုပင် အနည်းငယ် စိတ်အခန့်မသင့် ဖြစ်ခဲ့ကြသည်ကို ကျွန်မ မှတ်မိပါ သေးသည်။ မိဘများဆိုတော့လည်း ချစ်သည်ကို သားဖြစ်သူကို စိတ်ရောဂါရှိကြောင်း ကျွန်မက ပြောလိုက်သည်ဟု အထင်ရောက် ပါသည်။ သူတို့ အထင် ရောက်သည့် စိတ်ရောဂါဆိုသည်မှာ အရပ်အခေါ် ရူးသွပ်ခြင်းကို ဆိုလိုပါသည်။ ကျွန်မမှာလည်း သိသမျှ ဗဟုသုတလေးဖြင့် သားငယ်ကို ရူးနေခြင်းဟု ပြောခြင်း မဟုတ်ကြောင်း အထပ်ထပ် အခါခါ ပြောဆို ရှင်းပြပါသည်၊ စိတ်ဖိစီးမှုမျိုး၊ စိတ်ဓါတ်ကျခြင်းမျိုး စသဖြင့် စိတ်မကျန်းမာခြင်းမျိုးကိုသာ ဆိုလိုကြောင်း ပြောသော်လည်း မိဘများက လိုလို လားလား မရှိကြောင်း သဘောပေါက်လိုက်ပါသည်။
သို့သော် နောက် နှစ်ရက် လောက်အကြာတွင် ထိုသားငယ်၏ အဖိုးဖြစ်သူ ကျွန်မရုံးခန်း သို့ရောက်လာပါသည်။ အဖိုးဖြစ်သူကို သားနှင့် ချွေးမက ကျွန်မ ပြောသမျှကို ပြန်ပြောပြ ထားဟန် တူပါသည်။ ကျွန်မ ထိုသားငယ်လေးအပေါ်ထားသော အမြင်ကို သူကမေးပါသည်။ ထိုစဉ်က ကျွန်မကျောင်းတွင် မူလတန်းကျောင်းသားကျောင်းသူချည်း သုံးရာခန့် ရှိပါသည်။ ကလေးများနှင့် အမြဲတစေ စိတ်ဝင်တစားထိတွေ့သော ကျွန်မအဖို့ ပုံမှန်မဟုတ်သော ကလေး ကို လပိုင်းအတွင်းမှာပင် သတိပြုမိစေပါသည်။ သားငယ်၏ အပြူအမူ၊ အပြောအဆို အားလုံး သည် တစ်စုံတစ်ရာ မှားယွင်းနေသည်ကို တော့ ကျွန်မသိကြောင်း ရိုးသားစွာ ဖြေခဲ့ပါသည်။
ကျွန်မကိုယ်တိုင် ချီးမွမ်းစကားများဖြင့် ထိုသားငယ်လေးကို ဆက်ဆံသော်လည်း သူ့  မျက်ဝန်း များတွင် တွေ့ရသော ချီတုံချတုံဖြစ်မှုကို တွေ့ရသည်။ ကိုယ်လက်အင်္ဂါ သက်သောင့်သက်သာ မရှိမှု၊ စာသင်ရင်း တန်းလန်း စားပွဲခုံအောက် ၀င်ပုန်းတတ်မှု၊ စာသင်စဉ် စူးစူးဝါးဝါးထအော် တတ်မှု စသည်တို့ကိုလည်း တခါတရံ တွေ့ရသည်။ ဤသို့ ဤနှယ် ပြုမူမိသောကြောင့် ထိုကလေးလေး ဘယ်နှကြိမ်မျှ အတန်းထဲတွင် ရိုက်ခံပြီးပြီလဲ ကျွန်မ မသိပါ။ ထိုကလေးတွင် စိတ်လုံခြုံမှုအားနည်းနေုခြင်းနှင့် မိမိကိုယ်ကို အမြဲ သတိထားနေခြင်းမျိုး ရှိနေသည်ကိုတော့ ကျွန်မ ရိပ်မိပါသည်။
သားငယ်၏ အဖိုးဖြစ်သူကနားထောင်ပြီး ကျွန်မကိုကျေးဇူးတင်စကားဆိုသည်။ ကျွန်မသိသော စိတ်ရောဂါဆရာဝန်ကြီး ဆရာစပ်စိုင်းလုံထံ ပင်သွားရောက်၍ ဆေးကုသမှုခံယူခဲ့ပြီးနောက် ထိုသားငယ်လေးမှာ သိသိသာသာ ပြောင်းလဲတိုးတက်လာ သဖြင့် အဖိုးဖြစ်သူရော မိဘနှစ်ပါး ပါ ကျွန်မကို ကျေးဇူးတင်မဆုံးပါ။
ထိုနောက်ပိုင်းလည်း ရှစ်တန်းကျောင်းသားအရွယ်သားတစ်ဦးကျောင်းသို့ ရွှေ့ပြောင်းလာပါ သည်။ သူ့ကိုမူယနေ့တိုင် အမှတ်ရဆဲပါ။ ထိုကျောင်းသားလေးသည် သူငယ်ချင်းခင်ရမည့် အရွယ်တွင် သူငယ်ချင်းမရှိ၊ သို့သော် ရန်ဖြစ်ဖော်တော့ အတော်များခဲ့ပါသည်။ ကျွန်မရုံးခန်း သို့ တစ်လလျှင် နှစ်ကြိမ်မျှ ပြသနာတစ်ခု မဟုတ်တစ်ခုနှင့် ရောက်လာတတ်သဖြင့် သူနှင့် အေးအေးဆေးဆေး ထိုင်စကားပြောသောအခါ သူ့ဘ၀လေး ကို အကြောင်းကို သိလာပါသည်။ သူ့ခံစားချက်များကို ကျွန်မက အလေးတယူနားထောင်သောအခါ သူ့လေ သံက ပျော့ပျောင်းလာပါသည်။ သူ့ကတော့ မိစုံဖစုံရှိပါလျက်နှင့် နေခွင့်မရပဲ ဖခင်ဖြစ်သူနှင့် အတူနေထိုင်ရသူလေး ဖြစ်ပါသည်။ ဖခင်ဖြစ်သူက ခရီး ခဏခဏထွက်တော့ သူတစ်ဦးတည်း ကျန်ရစ်ခဲ့တတ်သည်။ မိခင်ဖြစ် သူနှင့် ငါ့သားက နေချင်လို့လားဟု မေးသောအခါ သူက မျက်နှာကို ခတ်ကွယ်ကွယ်ပြုလျက် အမေက မပြေ လည်ဘူး။ အမေ့ဆီမှာနေရင် အဖေက သူကျောင်းမထားနိုင်ဘူး ဟုဆိုရှာပါသည်။ ငါ့သား ရန်ဖြစ်ရင် ဆရာမ ကြီး စိတ်ညစ်တယ် သားရယ် ဟုပြောသောအခါ သူ့မျက်ဝန်းမှ မျက်ရည်များ အံ့သြစရာကောင်းလောက်အောင် စီးကျလာပါသည်။ အမြဲရန်လိုနေသော ကျောင်းသားလေး မျက်ဝန်းမှ မျက်ရည်ကိုမြင့်တော့ သူ့ အတန်းပိုင်ဆရာက အံ့သြတကြီးဖြစ်သွားပါသည်။
ကျွန်မ သိလိုက်ပါသည်။ ကလေး စိတ်တွင် ဒဏ်ရာများ ဗလပွနှင့် ဆိုသည်ကို။ ကျွန်မမှာ သူ့ဖခင်နှင့် တွေ့ဆုံဖို့ ရာခေါ်သော်လည်း လာမတွေ့ပါ။ နောက်ဆုံး ထိုကျောင်းသားကပင် ကျွန်မအား အဖေက ကျောင်း ကိုလာပြီး ဆရာမကြီးနဲ့မတွေ့နိုင်ပါဘူးတဲ့၊ ကျွန်တော့် ကို ကျောင်းထုတ်ချင်လည်း ထုတ်လိုက်ပါလို့ ပြောပါ တယ် ဟူုသော သတင်းစကားကိုသာ သယ်လာခဲ့ပါသည်။ ကျွန်မ ဘာမှမတတ်နိုင်ပါ။ ကျွန်မသည်လည်း ထို ကျောင်းသား အား နှစ်သိမ့်ဆွေးနွေးနိုင်လောက်သော ပညာမရှိပါ။ မိခင် မေတ္တာမျိုးကိုသာ ပြရင်း ကိုးတန်း အရောက်တွင် ကျောင်းမတက်တော့ပါ။ သို့သော် ကျွန်မအိမ်သို့ သူနှစ်ခါမျှလာသောအခါ အရက်နံ့ ရပါသည်။ မောလာသော ရင်အတွက် ဖြေစရာပင် မရှိပါ။
ယနေ့တော့ ဆရာဝန်ကြီး ဦးထွန်းအောင်လှိုင်နှင့် ကလေးငယ်တစ်ဦးကို ပြရန် ကိုယ်တိုင်ခေါ် သွားရမည့် အလှည့်နှင့် ကြုံလာပါသည်။ ဆရာဝန်ကြီး ကလေးကိုစာသင်သော ဆရာမနှင့် တွေ့ချင်သည် ဟု ဆိုလာသော ကြောင့် ကျွန်မကိုယ်တိုင်လိုက်သွားပါသည်။ ဆရာက ကျွန်မတို့ထံမှ ကလေးလေးအကြောင်းကိုမေးပါသည်။ ကလေးက မည်မျှ ကြာကြာ ကျောင်းစာကို လုပ်နိုင်သလဲ။ သူငယ်ချင်းများနှင့် ဆက်ဆံရေးအခြေအနေ၊ ရန်လိုတတ်သောသဘာဝရှိမရှိ စသဖြင့် ကျွန်မကျောင်းတွင် ထိုကလေးငယ်နှင့် ပတ်သက်သော ပြဿနာတစ်စုံတစ်ရာ ရှိမရှိ ဟုမေးပါသည်။ နောက် ကလေး၏မိခင် အား မေးသင့်သမျှကို မေးပါသည်။ ကလေးလေးနှင့် လည်း ဆရာက စကားပြောသောအခါ ကလေးငယ်၏ အဖြေစကားတစ်ခွန်းက ကျွန်မ ရင်ကို လာရောက် ရိုက်ခတ်ပါသည်။ ဆရာက ကလေးငယ်အား ကျောင်းမှာရိုက်ခံရသေးလား ဟုမေးသောအခါ ကလေးက ခေါင်းညိတ်ပြ ပါသည်။ (ကလေးက ကျွန်မထံတွင် နွေရာသီသင်တန်းသာ တက်ရောက်သည့်ကျောင်း သားလေး ပါ။ ပုံမှန်ကျောင်းအဖြစ် အစိုးရကျောင်းတစ်ကျောင်းတွင်ကျောင်းတက်ပါသည်။ ) ဆရာက အနည်းငယ် ရယ်ကာ ကျောင်းဖွင့်တာ တစ်ပါတ်တည်းရှိသေးတယ် သားက ရိုက်တောင်ခံပြီးပြီလား ဟုဆိုသော် ကလေးက မျက်နှာကို ခတ်လွှဲလွှဲ ပြုထားပါသည်။ ဆရာက သားက ရိုက်ခံရတော့ ငိုသေးလားဆိုတော့ ကလေးငယ်က လက်ကလေးခါကာ မနာဘူး ဟုဆိုပါသည်။ ထိုစဉ် ကျွန်မ မျက်ရည်ဝဲခဲ့ရပါသည်။ သည်ကလေးငယ်ကို ကျွန်မ စိတ်ရောဂါ ဆရာဝန်ကြီးနှင့် တွေ့ရန် မိခင်ဖြစ်သူအား တိုက်တွန်းစဉ် ကလေးကို မရိုက်ရန်၊ အပြစ် တင်သော စကားထက် ချီးကျူးသောစကားကို ပိုပြောပါ စသဖြင့် တတ်သမျှ မှတ်သမျှလေးပြောပြခဲ့ပါသည်။
အမေဖြစ်သူက စာရင်းဇယားများဖြင့် အလုပ်လုပ်သူမို့ ကလေးငယ် များ၏ သဘာဝကို နားမလည်သည်ကို အပြစ်မပြောလိုပါ။ သို့သော် နေ့စဉ်နှင့် အမျှ ကလေးငယ်လေးများနှင့် ထိတွေ့သော ဆရာဆရာမများအဖို့အခြေခံ ကလေးသူငယ်စိတ်ပညာကို ဦးနှောက်ထဲတည့်ပြီး ကိုင်တွယ်သင့်သည်ဟု အောက်မေ့မိပါသည်။ ဤသို့ဆိုရလျှင် ပြည်သူ့ဝန်ထမ်းလောက အရည်အချင်းက နိုင်ငံတော်နှင့် သက်ဆိုင်လာပါပြီ။ ကျွန်မတို့နှင့် လက်လှမ်းကွာလှပါသည်။ ဒီတော့ ဆရာဦးထွန်းအောင် လှိုင်ကိုသာ မိဘများကို မိသားစုစိတ်ကျန်းမာရေးနှင့်ပတ်သက်ပြီး ပညာပေးဖို့ တွင်တွင်သာဆိုခဲ့ရပါသည်။ ကလေးသူငယ်စိတ်ရောဂါနှင့် စပ်လျဉ်းပြီး ဆောင်းပါး များရေးဖို့ တိုက်တွန်းခဲ့ ပါသည်။ ဆရာပြောသော စကားတစ်ခွန်းနှင့်သာ နိဂုံးချုပ်ချင်ပါသည်။
စိတ်ရောဂါလို့ပြောရင် လူတွေက ရူးတယ်လို့သာထင်ကြတာ။ တကယ်တော့ စိတ်မှာ လည်းနှာစေး၊ ချောင်းဆိုးလောက် ဖြစ်တတ်တာပဲ၊ နှာစေး၊ ချောင်းဆိုးဖြစ်တော့ ဆေးလေး တစ်ခွက်၊ နှစ်ခွက်သောက် လိုက်ကြတာပဲ၊ ပျောက်သွားကြတာပဲ၊ ဒီလိုပဲပေါ့ စိတ်မှာလည်း နှာစေး၊ ချောင်းဆိုးလောက်ဖြစ်တတ်တာတွေ ရှိတာပဲ။ ကုလိုက်တော့ မိသားစုဘ၀ က ပျော်စရာကောင်းတာပေါ့ ဟု ဆရာက ဆိုသည်။
ထိုအခါ ကျွန်မက ဆရာမပီပီ ဆရာ ..ကျွန်မတို့လူထုက စိတ်ကလေးနှာစေး၊ ချောင်းဆိုးဖြစ် မှန်းကို မသိကြဘူးဆရာ။ အဲဒါကို သိအောင် ဆရာလုပ်ပေးပါ ဟု ဆိုခဲ့ပါသေးသည်။
ဘာရာဒွါဂျာ (မြန်မာပြည်)
irrawaddyBlog

0 comments:
Post a Comment