10.2.14

လပွတ္တာမြို့နယ်အတွင်းရှိ ဆည်မြောင်းရေတံခါးများ ပြုပြင်ပေးရန် လာမည့်လွှတ်တော်တွင် အဆိုတင်မည်

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်အတွင်း ဆည်မြောင်းများရှိရေတံခါးများ ပြုပြင်ပေးရန်နှင့်ပတ်သက်သည့် အဆိုကို လာမည့် န၀မအကြိမ်မြောက် ဧရာဝတီတိုင်းလွှတ်တော်တွင် တင်သွင်းသွားမည်ဖြစ်သည်ဟု လပွတ္တာမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးထိန်လင်းက ဖေဖော်ဝါရီ ၉ ရက် တွင် မဇ္ဈိမကို ပြောသည်။
ဆည်မြောင်းများ၌ရှိသည့် ရေတံခါးရွက်များ ဆွေးမြည့်ပျက်ဆီးနေခြင်းက တမံများအတွင်းရှိ ရေချိုများ ကို ကာကွယ်ပေးနိုင်ခြေနည်းခြင်း၊ ရေငန်များ လယ်မြေများအတွင်း ၀င်ရောက်နေခြင်းတို့ကြောင့် စပါး စိုက်ပျိုးမှုအပေါ် သက်ရောက်မှုများ ရှိနေသဖြင့် ဆည်မြောင်းများရှိ ရေတံခါးရွက်များကို လုပ်ငန်းစီမံချက် ချကာ ပြုပြင်ပေးရန် အဆိုတင်သွင်းသွားမည် ဖြစ်သည်။

“ဆည်မြောင်း ရေတံခါးရွက်တွေက လွန်နဲ့ရစ်တင်ရစ်ချပြီး အတွင်းတမံထဲက ရေချိုထုကြီးထဲကို အပြင် က ရေငန်မ၀င်အောင် တားတာတွေရှိတယ်။ တံခါးရွက်တွေမကောင်းရင် ရေငန်ဝင်ပြီး အသီးမသီးနိုင် ဘူး။ အခု တံခါးရွက်တွေက ရေမလုံဘူး။ ရေချိုတွေက ကျွဲတွေနွားတွေ သောက်လို့မရအောင် ငန်သွား တာ၊ လပွတ္တာမြို့နယ်က ဒီရေတက်တဲ့ဒေသဖြစ်တဲ့အတွက် ရေမလုံတဲ့ပြဿနာက မိုးနှောင်းဆို တမံထဲ ကရေက quality (အရည်အသွေး) ကျသွားတယ်”ဟု ဦးထိန်လင်းက ပြောသည်။

လပွတ္တာမြို့နယ်နှင့် ပြင်စလူမြို့နယ်များရှိ ဆည်မြောင်းတာတမံကြီးများတွင် တပ်ဆင်ထားသည့် ရေတံ ခါးပေါင်း ၃၀ ကျော်ရှိပြီး ရေတံခါးအများစုသည် ရေမလုံသဖြင့် ယင်းဆည်မြောင်းများမှ ရရှိသည့် ရေဖြင့် အားထားစိုက်ပျိုးနေသည့် လယ်သမားများက ပြုပြင်ပေးရန် အကူအညီတောင်းခံမှုများလည်း ရှိနေသည် ဟုလည်း ဦးထိန်လင်းက ဆိုသည်။

“လပွတ္တာမြို့နယ်မှာ တောင်ကျွန်း မြောက်ကျွန်း အပါအ၀င် ကျွန်းလေးကျွန်းမှာ အကျိုးပြု စပါးစိုက်ဧက ပေါင်း သောင်းချီ ရှိတယ်။ လပွတ္တာက ဒီရေတက်တဲ့ဒေသဖြစ်လို့ ရေငန်မ၀င်အောင် ထိန်းပေးနိုင်တဲ့ ရေ တံခါးတွေကို စနစ်တကျပြုပြင်ပေးဖို့ ဆည်မြောင်းဝန်ကြီးဌာနကို တင်ပြသွားမှာပါ”ဟု ၎င်းက ပြောသည်။

ဧရာဝတီတိုင်းအတွင်း နွေစပါးစိုက်ပျိုးရာတွင် ဆည်မြောင်းတာတမံကို အားထား စိုက်ပျိုးနေရသဖြင့် ပျက်စီးနေသည့် ရေတံခါးများကို ပြုပြင်ပေးစေလိုသည်ဟုလည်း ဧရာဝတီတိုင်း၊ မြောင်းမြ တောင်သူ လယ်သမားသမဂ္ဂ(ယာယီ)၏ ဥက္ကဋ္ဌဦးထွန်းထွန်းဝင်းက ပြောသည်။

Mizzima - News in Burmese

0 comments:

Post a Comment