10.2.14

ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး အဖြေတခုရသည်အထိ ဆွေးနွေးမည်


ငြိမ်းချမ်းရေးဆွေးနွေးမှုတွေနဲ့ ပတ်သက်ပြီး အဖြေတခု မရမချင်း ဆက်လက် ဆွေးနွေးသွားမယ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းအဖွဲ့ရဲ့ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားလိုက်ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရနဲ့ကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ အဖြေတခု မရမချင်း ဆက်လက်ဆွေးနွေးသွားမယ်လို့ ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက ဖေဖော်ဝါရီ ၈ ရက်နေ့ ရန်ကုန်မြို့ ငြိမ်းချမ်းရေးစင်တာမှာ ပြုလုပ်တဲ့ ပင်လုံပန်းချီပြပွဲမှာ ဒီဗွီဘီရဲ့ မေးမြန်းချက်ကို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

“နိုင်ငံရေး ယဉ်ကျေးမှုအသစ်မှာ ကျနော့်အနေနဲ့ အဓိပ္ပာယ်ဖွင့်ဆိုထားတာရှိတယ်။ အဲဒီအတိုင်း ဆက်လုပ်မယ်။ နံပါတ် ၁ က နိုင်ငံရေးပွင့်လင်းလာတယ်။ ပွင့်လင်းလာတဲ့အခါမှာ အားပြိုင်မှုတွေ ဖြစ်လာတယ်။ အဲဒီအားပြိုင်မှုတွေတိုင်းမှာ အားလုံးကို သဘောတူညီရမည်မဟုတ်ဘူး။ နားလည် လက်ခံပေးရမယ်။ သဘောတူတာတွေ အရင်လုပ်မယ်။ ကျန်တဲ့ကိစ္စတွေကိုလည်း နားလည်လက်ခံပေးရမယ်။ ဆက်ပြီးတော့ ဆွေးနွေးသွားမယ်ဆိုတဲ့ သဘောပဲ။ အဖြေတခု မရမချင်း ဆက်လက်ဆွေးနွေးမယ်ဆိုတဲ့ သဘောပဲ။ အားလုံးကို သဘောမတူတာတွေ တခုမှ ပစ်ပယ်မှာမဟုတ်ဘူးလို့ ကျနော်ပြောခြင်းဖြစ်တယ်။”

အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဆွေးနွေးပွဲတွေမှာ ပါဝင်ခွင့်မရခဲ့တဲ့ အမျိုးသမီးအခန်းကဏ္ဍတွေကိုလည်း နောင်လာမယ့် ငြိမ်းချမ်းရေးဆိုင်ရာ အခြေခံမူဘောင်ဆွေးနွေးပွဲတွေမှာတော့ ပါဝင်ဆွေးနွေးသွားဖို့ ရှိပါတယ်လို့ သူက ဆက်ပြောပါတယ်။

ကရင်ပြည်နယ် ဘားအံမြို့မှာ ကျင်းပပြုလုပ်မယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာလည်း အမျိုးသားဒီမိုကရေစီချုပ်ရဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဆွေးနွေးဖို့ ရှိတယ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီဆီကနေ သိရပါတယ်။

DVB

0 comments:

Post a Comment