10.2.14

နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွား စက်တပ်ရွက်လှေတစ်စင်း မြိတ်ကျွန်းစုများ၌ လည်ပတ်သွားလာစဉ် မီးလောင်နစ်မြုပ်


ကော့သောင်းခရိုင်၊ မြိတ်ကျွန်းစုများအတွင်း၌ လည်ပတ်သွားလာနေသော နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွား စက်တပ်ရွက်လှေတစ်စင်းသည် ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက် နံနက် ၁ နာရီကျော် အချိန်တွင် ကျွန်းမဲကြီးကျွန်း ဧရိယာအတွင်း ‘လတ္တီကျု ၁၁.၉ နှင့် လောင်ဂျီကျု ၉၃.၃၉’ ကြား၌ မီးလောင်နစ်မြုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ထိုင်းနိုင်ငံအခြေစိုက် ဖူးခက် KFS ကုမ္ပဏီပိုင်၊ MV-BLUE STAR နိုင်ငံခြား စက်တပ်ရွက်လှေသည် ဖင်လန်နိုင်ငံသား ၁၈ ဦး၊ ဆွစ်ဇာလန်နိုင်ငံသားသုံးဦး၊ သြစတြေးလျနိုင်ငံသားတစ်ဦး၊ ဂျာမနီနိုင်ငံသားသုံးဦး၊ အင်္ဂလန်နိုင်ငံသားတစ်ဦး၊ ထိုင်းသင်္ဘောသားခြောက်ဦးနှင့် မြန်မာ Tourist Guide တစ်ဦး၊ စုစုပေါင်း ၃၃ ဦးပါဝင်သော အဖွဲ့သည် ဖေဖော်ဝါရီ ၇ ရက်နေ့တွင် EV(T) ဗီဇာရယူပြီး စစ်ဆေးခံကာ ကော့သောင်းမြို့မှ နံနက် ၉ နာရီအချိန်က ထွက်ခွာလာစဉ် ယင်းကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။



ထိုကဲ့သို့ မီးလောင်နေစဉ်အတွင်း ရေမိုင်တစ်မိုင်ကျော် အလွန်တွင် ကျောက်ချရပ်နားထားသော ရွှေညီအစ်ကို ကုမ္ပဏီ၊ အဏ္ဏ၀ါ(၁)ကမ်းနီး ကင်းမွန်မီးထွန်းလှေ၏ အကူအညီဖြင့် ကယ်ဆယ်နိုင်ခဲ့သဖြင့် သေကျေပျောက်ဆုံးမှုမရှိဘဲ ကော့သောင်းမြို့ရှိ မြို့မဆိပ်ကမ်းသို့ ညနေ ၃ နာရီ ၃၀ မိနစ်တွင် ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။

သင်္ဘောမီးလောင်ပေါက်ကွဲ နစ်မြုပ်ရသော အကြောင်းကို သင်္ဘောကပ္ပတိန်က Daily Eleven သတင်းစာကို ပြောကြားသည်မှာ “သဘောင်္ရဲ့အပေါ်ထပ်အိမ်သာက ရေတွေစိမ့်ပြီး စက်ခန်းထဲကိုကျတော့ ၀ါယာရှော့ဖြစ်ပြီး ဘက်ထရီအိုးပေါက်ကွဲပြီး ဆီပိုက်ပြုတ်ရာကနေ စက်ခန်းကို မီးကူးလောင်တော့ ဘယ်လျှပ်စစ်ပစ္စည်းမှ အလုပ်မလုပ်တော့ဘဲ သင်္ဘောက ဦးတည်ရာမဲ့သွားပေမယ့် ပဲ့ထိန်းလို့တော့ ရခဲ့တယ်” ဟု မြန်မာစကားပြန်မှတစ်ဆင့် ပြောကြားခဲ့သည်။

သင်္ဘောမီးလောင်မှုဖြစ်စဉ်တွင် နိုင်ငံခြားသားတစ်ဦး၏ ညာဘက်ခြေဖနောင့်၌ ပြတ်ရှဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့ပြီး အသေအပျောက် မရှိခဲ့ကြောင်း၊ ထိုခရီးစဉ်တွင် နိုင်ငံခြားသား ဆရာဝန်နှစ်ဦးနှင့် ရေမကူးတတ်သူနှစ်ဦးတို့ ပါဝင်ခဲ့ပြီး ဖေဖော်ဝါရီ ၈ ရက်က ကျွန်းဖီလာကျွန်းမှ ရေငုပ်ရန် အဆင်ပြေသောကျွန်းသို့ ညအချိန်ထွက်ခွာလာစဉ် ယင်းကဲ့သို့ မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကာ ခရီးသွား အသုံးအဆောင်ပစ္စည်းများ ဆုံးရှုံးခဲ့သော်လည်း အဖိုးတန်ပစ္စည်းများ မပါဝင်ခဲ့ကြောင်း သိရသည်။

မီးလောင်ခဲ့သောသင်္ဘောမှ နိုင်ငံခြားသားများအား ကော့သောင်းမြို့မတံတားတွင် တွေ့ရစဉ်

Eleven Media Group

0 comments:

Post a Comment