10.2.14

ဂျာမနီနိုင်ငံသမ္မတ ရွှေတိဂုံစေတီတော် ကြည်ညို နေပြည်တော်၌ ဦးသိန်းစိန်၊ ဒေါ်စုတို့နှင့်တွေ့မည်


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ ဖေဖော်ဝါရီ ၉ ရက်က
မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံသမ္မတ ဂျိုဝါချင်ဂေါက်ခ်နှင့်ဇနီး မစ္စစ်ဒါနီလာရှထ်တို့သည် ယင်းနေ့ညနေ ၆ နာရီခန့်က ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်သို့ သွားရောက်ခဲ့ပြီး လက်ယာရစ် လှည့်လည်ကြည်ညိုခဲ့သည်။

မြန်မာနိုင်ငံသို့ သုံးရက်ကြာလာရောက်သော ဂျာမနီနိုင်ငံသမ္မတ ဂျိုဝါချင်ဂေါက်ခ်ဦးဆောင်သော အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော် အမတ်များနှင့် စီးပွားရေးခေါင်းဆောင်များပါဝင်သော ကိုယ်စားလှယ် အဖွဲ့သည် ဖေဖော်ဝါရီ ၁၀ ရက် (ယနေ့) တွင် နေပြည်တော်သို့ သွားရောက်ပြီး သမ္မတဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော်နာယက သူရ ဦးရွှေမန်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီတို့နှင့်တွေ့ဆုံဆွေးနွေး သွားမည်ဖြစ်သည်။

ဂျာမနီသမ္မတသည် ဖေဖော်ဝါရီ ၁၁ ရက်တွင် ရန်ကုန်မြို့၌ အရပ်ဘက်
အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များဖြင့် တွေ့ဆုံသွားမည်ဖြစ်ပြီး ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ မိန့်ခွန်းပြောမည်ဖြစ်ကာ ကမ္ဘာတစ်ဝန်းတွင် ဖွင့်လှစ်ထားသည့် ဂိုထယ်ယဉ်ကျေးမှုဌာန၏ ၁၅၀ မြောက်ဌာနခွဲ (ရန်ကုန်မြို့) ဖွင့်လှစ်ပွဲသို့လည်း တက်ရောက် သွားမည်ဖြစ်သည်။

၎င်း၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေး၊ မြန်မာနိုင်ငံ၏
ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများနှင့်ပတ်သက်၍ အဓိကထားဆွေးနွေး သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံက ဂျာမနီအားပေးရန်ရှိသည့် အကြွေးများ၏ ရာခိုင်နှုန်း ၅၀ ကို လျှော့ချပေးမည့် သဘောတူလက်မှတ်စာချုပ်တစ်ခု
ရေးထိုးသွားဖွယ်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

0 comments:

Post a Comment