10.2.14

လိုင်းကားစီးလက်မှတ်စနစ် ပြန်လည်ကျင်းသုံးရန် မထသ (ဗဟို) စီစဉ်


စာရေးသူတို့ငယ်ငယ်က လိုင်းကားစီးရာတွင် ခရီးအကွာအဝေးကို လိုက်၍ ၁၀ ပြား၊ ၁၅ ပြား၊ ပြား ၂၀၊ ၂၅ ပြားစသည်ဖြင့် အကြွေစေ့များပေး၍စီးခဲ့ကြရသည်ကို ယနေ့တိုင် မှတ်မိနေဆဲဖြစ်သည်။ ယာဉ်စီးခပေးပြီးတိုင်း ယခင်ခေတ်အခေါ် စပယ်ယာက ဗြက်လက် နှစ်လုံးခန့်၊ အရှည်နှစ်လက်မခန့်ရှိသော စက္ကူကြမ်းယာဉ်စီးခလက်မှတ်လေး များကို ပြန်ပေးတတ်ကြသည်။ ယာဉ်စီးခပေးပြီးပြီ၊ မပေးရသေးဘူး ဆိုသော ပြဿနာ စကားများ မကြားဖူးပေ။ စပယ်ယာတိုင်း အကြွေနှင့် လက်မှတ်အုပ်လေးများထည့်ရန် အတွက် အိတ်ကိုယ် စီလွယ်ကြရသည်။
ဂိတ်ရောက်သည်နှင့် စပယ်ယာက လက်မှတ်အုပ်လေးများကို ဂိတ်မှူး ရုံအတွင်းသွားတင်ရသည်။ ဂိတ်မှူးက တင်ပြလာသော လက်မှတ်အုပ်လေးများမှ စီနီယာနံပါတ်များကို သူ့ဇယား ကွက်နှင့်သူမှတ်၍ စပယ်ယာကို ပြန်ပေးလိုက်သည်။ ညနေစောင်းဂိတ်သိမ်းသည်နှင့် ယင်းကားတစ်စီး၏ ဝင်ငွေကို တွက်ချက်နိုင်သည်။ ထိုအပေါ်မှရာခိုင်နှုန်းအားဖြင့် ယာဉ်လိုင်း၊ ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်း၊ ယာဉ် နောက်လိုက်တို့ တွက်ချက်ရရှိကြ သည်။ ယာဉ်လိုင်းတစ်ခုလုံး၏ ဝင်ငွေ၊ခရီးသွားလာမှု ဦးရေတို့ရရှိပြီး နေ့စဉ် ခရီးသွားလာသူဦးရေ ဝင်ငွေကို မှန်ကန်စွာ တွက်ချက်နိုင်ခဲ့သည်။ ယာဉ်လက်မှတ်ပြန်ပေးသည့် စနစ်ကို ၁၉၉၃ ခုနှစ်လောက်အထိ ကျင့်သုံး လာခဲ့သည်ဟု မှတ်မိခဲ့သည်။ ထိုခေတ် က အောက်ဆိုက်ကား၊ ကြားကားဟူ၍အသုံးအနှုန်းလုံးဝမကြားမိပေ။ ယင်းလက်မှတ် ပြန်ပေးသည့်စနစ်ပျောက်ပြီး ယာဉ်စီးခများကိုလည်း အကြွေခေတ်မှ ငွေစက္ကူပေးရသည့် ခေတ်ဖြစ်လာသည်ဟု ခန့်မှန်းမိသည်။

ဆယ်စုနှစ်နှစ်စုမျှရှိပြီ ဖြစ်သည်။ ခရီးသွားလာမှု နှုန်းထားများလည်း အလွန်မြင့်မားလာခဲ့သည်။ လက်မှတ် ပေးသည့်စနစ် မရှိသည့်အတွက် ကားတစ်စီး၏ တစ်နေ့တာ အမှန် ဝင်ငွေကို သိရှိရန်ခက်ခဲမှုများရှိလာ သည်။ ယခုအခါ ယာဉ်စီးခလက်မှတ် ပြန်ပေးသည့်စနစ် ပြန်လည်ကျင့်သုံး နိုင်ရေး မထသ(ဗဟို)အနေဖြင့် တိုင်းဒေသကြီးအစိုးရထံ ခွင့်ပြုချက်တင်ပြ ရန် စီစဉ်နေပြီဖြစ်ကြောင်း တစ်နှစ် တစ်ခါကျင်းပသည့် မီဒီယာများနှင့် တွေ့ဆုံပွဲမှ သိရသည်။
မထသ(ဗဟို)ဥက္ကဋ္ဌ ဦးလှအောင်က “အခုကယာဉ်နောက်လိုက်၊ ယာဉ်မောင်းတွေပြောတဲ့ ဝင်ငွေပဲ ဖြစ်နေတယ်။ ယာဉ်ပိုင်ရှင်ကလည်း သူတို့ပြောသမျှပဲရတယ်။ ခရီးသည် စီးနင်းမှုကိန်းဂဏန်း၊ ဝင်ငွေ အမှန် တိတိကျကျသိရမှသာ ယာဉ်ပိုင်ရှင်၊ ယာဉ်လုပ်သားတွေရဲ့ဝင်ငွေကို တွက် ချက်ပေးလို့ရမှာပါ” ဟုဆိုခဲ့သည်။ ယခုအခါ ယာဉ်ပိုင်ရှင်များအဖို့ လိုင်းကားတစ်စီး၏ အမှန်ဝင်ငွေကို တွက်ချက်ရန် ခက်ခဲလာမှုကြောင့် တစ်နေ့လျှင် ပုတ်ပြတ်ငွေကျပ် ၃၅၀၀၀၊ ၄၀၀၀၀ ဖြင့် ပုတ်ပြတ် သဘောမျိုးဖြင့် ပေးထားကြသည်။ အထူးလိုင်းကားကြီးများ၌ ပိုင်ရှင်သို့မဟုတ် ပိုင်ရှင်၏ စိတ်ချရသောလူ တစ်ဦးက ယာဉ်၏အတက်အဆင်း ပေါက်နှင့် ကပ်လျက်ရှိသော ခုံတွင်ထိုင်လိုက်ပါလျက် ဂိတ်စဂိတ်ဆုံး အတက်ခရီးသည်စာရင်းကို တာလီ
ခြစ်ကြသည်ကိုလည်း သုံးလေးကြိမ်မကမြင်ဖူးခဲ့သည်။
သို့ကြောင့်လည်း ယခုအခါ လိုင်းကားကြီးထောင်သူတို့အဖို့ သူများ ပြန်ပေးမှရနေသည့် အနေအထားမှ တွက်ခြေကိုက်သော ဆီဆိုင်လုပ်ငန်း၊ Toll Gate လုပ်ငန်း၊ အဝေးပြေးယာဉ် လိုင်းလုပ်ငန်းများသို့ အကွက်ချ ပြောင်းရွှေ့ လုပ်ကိုင်လာကြသည်ကိုလေ့လာမိသည်။ အထူးသဖြင့် ယာဉ်ငယ်လိုင်းလေးများအနေဖြင့် ပုတ်ပြတ်ပေးထားရမှုအပေါ် တွက်ခြေကိုက်ရန်အတွက် သတ်မှတ်နှုန်းထက် ပိုမိုကောက်ခံလာ ကြသည်။ ယာဉ်တွင်ကပ်ထားရမည့်စီးခနှုန်းများကို နည်းအမျိုးမျိုးဖြင့် အကာအကွယ် ပြုထားကြသည်။ ဖြုတ်ထားကြသည်။ နေ့စဉ်နှင့်အမျှခရီးသည်နှင့် ယာဉ်နောက်လိုက်တို့ အချင်းများနေကြရသည်။ မထသ (ဗဟို)သို့ တိုင်စာပေါင်းမြောက်မြားစွာတက်လျက်ရှိသည်။ တာဝန်ရှိသူ တို့က ကွင်းဆင်း၍ လည်းကောင်း၊ ခေါ်ယူ စစ်ဆေးသည့် အခါ၌လည်းကောင်း ပေးသည့် ပြစ်ဒဏ်ကိုမူ မကွယ်မဖြောင့် ခံယူကြသည်။ ပြစ်ဒဏ်ပြီးသည်နှင့် ထိုနည်းလည်းကောင်းပင် တောင်းမြဲတောင်း လျက်ရှိနေသည်။

အခြားသော နိုင်ငံများတွင်ခရီးသည်တင် ယာဉ်လိုင်းများကို E-Ticket စနစ်ဖြင့် လုပ်ဆောင်နေ သည်ကို လေ့လာတွေ့ရှိရသည်။ ခရီးသည်နှင့် ယာဉ်လုပ်သားတို့ ပြဿနာကြီးကြီးမားမားမရှိ။ အဆင် ပြေကြသည်။ လေ့လာအတုယူသင့်ပါသည်။ မထသမှ တာဝန်ရှိသူများသာမက ခေါ်သင့်ခေါ်ထိုက်သော ယာဉ်မောင်း၊ ယာဉ်လုပ်သားတို့ဖြင့် သွားရောက်လေ့လာမှုပြုသင့်သည်။ မြန်မာနိုင်ငံ၌ လက်မှတ်စနစ် ဖျက်သိမ်းခဲ့သည်မှာ နှစ်ပေါင်း ၂၀ မျှ ကြာခဲ့ပြီဖြစ်ခြင်းကြောင့် လည်း ကောင်း၊ ယာဉ်လိုင်းများနှင့် ယာဉ် စီးရေ ပိုမိုများပြား လာခြင်းကြောင့်လည်းကောင်း၊ တစ်ဆင့်ချင်း ပြန်လည်စတင်ရမှာ ဖြစ်သည်။ နောက်ဆုံးအဆင့်အနေဖြင့် နိုင်ငံ တကာအဆင့်မီ E-Ticket စနစ်သို့ အရောက်သွားရမည် ဖြစ်သည်။ သို့မှသာ ယာဉ်ပိုင်ရှင်များ၏ ဝင်ငွေအမှန်၊ ယာဉ်လုပ်သားတို့၏ ဝင်ငွေအမှန်၊ နေ့စဉ်ခရီးသွားဦးရေ မှန်ကန်မှုတို့ရရှိမည်ဖြစ်ပြီး ထိုမှ ကဏ္ဍအလိုက် ပြည်သူတစ်ဦးချင်း၏ ဝင်ငွေများသိရှိပြီး နိုင်ငံတော်၏ စီးပွားရေး ကိန်းဂဏန်း စီမံကိန်းများ ရေးဆွဲရာ၌ အထောက်အကူ ဖြစ်လာမည်ကို ယုံကြည်လျက် မထသ (ဗဟို)၏ လိုင်းကားစီးလက်မှတ်စနစ် ပြန်လည် ကျင့်သုံးရန် စီစဉ်နေမှု အပေါ် ထောက်ခံရေးသားလိုက်ရပါသည်။

MOI Webportal Myanmar

0 comments:

Post a Comment