10.2.14

သစ်ကုလားအုတ်ငယ်ကို ခြင်္သေ့စာကျွေးသည့် တိရစ္ဆာန်ဥယျာဉ် ဝေဖန်မှုများကြုံ


Monday, February 10, 2014



တနင်္ဂနွေနေ့က မာရီရက်စ်ဟု အမည်ပေးထားသော သစ်ကုလားအုတ်လေးကို သတ်ဖြတ်ပြီးနောက် အသားဖျက်ကာ ခြင်္သေ့စာပါ ကျွေးလိုက်သည့် ကိုပင်ဟေဂင် တိရစ္ဆာန်ရုံ၏ လုပ်ရပ်သည် တစ်ကမ္ဘာလုံးမှ တိရစ္ဆာန် အခွင့်အရေး လိုလားသူများအတွက် တုန်လှုပ်စရာ ဖြစ်ခဲ့သည်။
ကျန်းမာသန်စွမ်းသည့် သစ်ကုလားအုတ်ငယ် တစ်ကောင်ကို အရေအတွက် ပိုလျှံကြောင်း အကြောင်းပြချက်ဖြင့် သတ်ဖြတ်ခဲ့သည့် ဒိန်းမတ် တိရစ္ဆာန်ရုံ တစ်ခု၏ လုပ်ရပ်အတွက် ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ထွက်ပေါ်နေကြောင်း သိရှိရသည်။ တနင်္ဂနွေနေ့က မာရီရက်စ်ဟု အမည်ပေးထားသော သစ်ကုလားအုတ်လေးကို သတ်ဖြတ်ပြီးနောက် အသားဖျက်ကာ ခြင်္သေ့စာပါ ကျွေးလိုက်သည့် ကိုပင်ဟေဂင် တိရစ္ဆာန်ရုံ၏ လုပ်ရပ်သည် တစ်ကမ္ဘာလုံးမှ တိရစ္ဆာန် အခွင့်အရေး လိုလားသူများအတွက် တုန်လှုပ်စရာ ဖြစ်ခဲ့သည်။ (၁၈)လသား တိရစ္ဆာန်လေး၏ ကံကြမ္မာကို ကြိုတင်ကြားသိခဲ့သည့်နောက် ဘီလျံနာတစ်ဦးက ၎င်းကို ဝယ်ယူမည်ဟု ကမ်းလှမ်းခဲ့ပြီး ဘီဗလီဟေးလ်ရှိ ၎င်းပိုင် ဥယျာဉ်ထဲတွင် မွေးမြူထားမည်ဟုပင် ပြောကြားခဲ့သည်။

သို့သော်လည်း တိရစ္ဆာန်ရုံမှ တာဝန်ရှိသူများက မာရီရက်စ်သည် ပိုလျှံစာရင်းတွင် ပါဝင်နေပြီး ဆက်လက်ထားရှိရန် အခက်အခဲ များပြားလွန်းကြောင်း ပြောဆိုကာ Bolt Gunဖြင့် ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။ ပိုမိုဆိုးရွားသော အချက်မှာ မာရီရက်စ်ကို သတ်ပစ်ပြီးနောက် ကလေးငယ်များစွာ အပါအဝင် တိရစ္ဆာန်ရုံသို့ ရောက်ရှိနေသူများ ရှေ့တွင်ပင် အသားဖျက်ပြီး ခြင်္သေ့စာ ကျွေးခဲ့ခြင်း ဖြစ်သည်။ သနားစရာ တိရစ္ဆာန်လေး၏ ရုပ်အလောင်းကို အရေခွံခွာခြင်း၊ အပိုင်းပိုင်း ခုတ်ထစ်နေခြင်းတို့ကို ကလေးငယ်များစွာက မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသည်။ "အစီအစဉ်အတိုင်းပဲ လုပ်ခဲ့တာပါ။ လူတွေဘက်ကလည်း ဒါကို ဆန့်ကျင် ဆန္ဒပြဖို့ အခွင့်အရေး ရှိပါတယ်။ ဒါပေမဲ့ ခုလောက်ကြီး ပြောဆိုနေလို့ ကျွန်တော်တို့ နည်းနည်းတော့ အံ့ဩမိတယ်"ဟု တိရစ္ဆာန်ရုံ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် တိုဘီရက်စ် စတန်ဘိခ်ဘရိုက AFPသို့ ပြောကြားခဲ့သည်။

ထို့နောက်ပိုင်းတွင် သိပ္ပံဌာန ဒါရိုက်တာ ဘန်းဟော့စ် အပါအဝင် တိရစ္ဆာန်ရုံ ဝန်ထမ်းအချို့ထံသို့ အသက်အန္တရာယ် ခြိမ်းခြောက်စာများ ညတွင်းချင်း ရောက်လာခဲ့ကြောင်းလည်း သိရသည်။ တိရစ္ဆာန်ရုံက မာရီရက်စ်ကို ကြီးပြင်းလာအောင် မွေးမြူပြီး တိရစ္ဆာန်ရုံတွင် ဆက်လက် နေရာပေးထားနိုင်ရန် အခြေအနေ မရှိဟု ၎င်းတို့၏ ဝက်ဘ်ဆိုက်ပေါ်တွင် ရှင်းလင်းရေးသားခဲ့သည်။ မာရီရက်စ်ကို ကယ်တင်ရန် အင်တာနက်ပေါ်တွင် လူပေါင်းထောင်နှင့်သောင်းနှင့်ချီ လှုပ်ရှားထောက်ခံခဲ့သော်လည်း အထမမြောက်ခဲ့ဘဲ တိရစ္ဆာန်ရုံက သစ်ကုလားအုတ်လေးကို ရက်စက်စွာ အဆုံးစီရင်ခဲ့ခြင်းဖြစ်သည်။ ဆွီဒင်နိုင်ငံမှ တိရစ္ဆာန်ရုံ တစ်ရုံသည် မာရီရက်စ်ကို လက်လွှဲပြောင်း ခေါ်ယူရန် ကမ်းလှမ်းကြိုးစားခဲ့သေးသော်လည်း မအောင်မြင်ခဲ့ဟု ဝန်ခံကြေညာခဲ့သည်။

Credit: Planet Myanmar Network

0 comments:

Post a Comment